ဧရာဝတီတိုင်းမ်
မေ ၁၂ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့်အတွက် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွါထွက်ပြေးနေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် မေ၇ရက်နေ့က စစ်ကောင်စီက မောင်တောမြို့အတွင်းသို့ စစ်ရေယာဉ်များ၊ စစ်သုံးဖောကားများဖြင့် စစ်ကူအင်အားများဖြည့်တင်းပြီး AAနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ဒေသခံများ နေရပ်စွန့်ခွါခဲ့ကြခြင်းဖြစ်သည်။
“မောင်တောက မူဆလင်ရွာများပါတယ်။ အခုလည်း ရွာပေါင်း ၂၀လောက်က ဒေသခံတွေ နီးစပ်ရာနေရာတွေကို ပြေးကြတာ။ AAကလည်း စစ်ရှောင်ကြဖို့ပြောထားပါတယ်” ဟု မောင်တောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက မေ ၇ရက်နေ့က ကညင်ချောင်းစီပွားရေးဇုံ ဆိပ်ကမ်းရှိရာသို့ စစ်ရေယာဉ်သုံးစီးဖြင့် စစ်ကူများဖြည့်တင်းခဲ့ပြီး မေ ၈ရက်တွင် AAက ၎င်းကညင်ချောင်း စီးပွားရေးဇုံရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကညင်ချောင်းရော၊ နယ်ခြားစောင့်စခန်းတွေရော အကုန်တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်ကလည်း စစ်ကူတောက်လျောက်ပို့တယ်။ ရေတပ်ကလည်း ဟိုတစ်ခါ ဘင်္ဂလားကပြန်လာတဲ့သူတွေကို ပြန်ဖမ်းပို့တိုက်ခိုင်းတယ်ပြောတယ်။ စစ်တပ်က အခု လမ်းတွေ၊ တံတားတွေဖျက်ပြီး အဝင်အထွက်တွေပိတ်ထားလို့ ပြေးမရဘဲကျန်နေသူတွေရှိပါသေးတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေ ၆ ရက်မှ ၉ ရက်အတွင်း စစ်ကောင်စီက မောင်တောရှိ တံတား လေးစင်းကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျေးရွာအဝင်အထွက် လမ်းများကိုပါ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက မေ ၆ရက်တွင် ရွှေဇားတံတား၊ မေ ၇ရက်တွင် သုံးမိုင် သီဟိုအေးတံတားနှင့် လဘော်ဇားတံတား၊ ၉ရက်နေ့တွင် ပန်းတောပြင်တံတားတို့ကို ချိုးချဖျက်ဆီးခဲ့သည်။
ထို့အပြင် တိုက်ပွဲပြင်းထန်လာသည့်အတွက် စစ်ကောင်စီက စီးပွားရေးဘဏ်မှ ငွေကျပ် သိန်း တစ်သောင်းခွဲခန့်ကို နခခ၅ မြို့သူကြီး စခန်းတွင်သိမ်းထားရာမှ မေ ၇ရက်နေ့တွင် စစ်ရေယာဉ်များဖြင့် စစ်တွေမြို့သို့ ထပ်မံ ပြောင်းရွှေ့သယ်ဆောင်သွားခဲ့သည်။
“သူတို့က ငွေတွေလည်းရွှေ့သွားပြီ။ တံတားတွေလည်းချိုးပြီး လမ်းတွေပိတ်ဆို့ထားလ်ိုက်တယ်။ မောင်တောမှာရှိတဲ့ ပေါင်းဇား၊ လဘော်ဇား၊ ဂူးနား စတဲ့ မူဆလင်ရွာ ၁၀ရွာလောက် အကုန် ရွှေ့ပြောင်းပြေးကုန်ကြတယ်။ ဘူးသီးတောင်က မူဆလင်တွေလည်း ပြောင်းကုန်ကြပြီ။ အခုက လူမျိုးရေး၊ ဘာသာရေးအသွင်ပါ စစ်တပ်ကပုံဖော်နေတော့ မနေရဲတော့ဘူး” ဟု မောင်တောဒေသခံ တစ်ဦးက ဆိုသည်။
မောင်တောမှ ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံ ၃၀၀ခန့်သည့် နယ်စပ်မှတဆင့် နတ်မြစ်ကိုဖြတ်ကူးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက် ခိုလှုံကြကြောင်း သိရသည်။
အဆိုပါထွက်ပြေးသူများကို ကုလသမဂ္ဂ ဒုက္ခသည်များကူညီကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီးရုံး UNHCRက စာရင်းကောက်ယူ ကယ်ဆယ်မှုများပြုလုပ်သွားရန်ရှိသည်ဟု ဒုက္ခသည်များကို ကူညီနေသူများထံမှ သိရသည်။
ပုံစာ- AAထိမ်းချုပ်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မူဆလင်များ
#မောင်တော #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #ဒေသခံများ #ထွက်ပြေး #Ayeyarwaddy_Times