
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ စစ်ကောင်စီနှင့်ပူးပေါင်းအဖွဲ့တို့ အထိုင်ချထားသော မြို့သစ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ရက်နေ့ နံနက် ၁၀နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့သစ်မြို့တွင် စစ်ကောင်စီအမှတ်-၂၂၈ ခြေလျင်တပ်ရင်း နှင့်ပူးပေါင်းအဖွဲ့များဖြစ်သည့်ရှမ်းနီတပ် SNA တပ်မဟာ-၈၉၁ ( တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ရဲနှင့်ပျူစောထီးပူးပေါင်းအင်အား ၂၅၀ခန့်အထိုင်ချထားကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၇ရက်နေ့ နံနက် ၅နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှားတပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA-B(Kuki National Army – Burma) နဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)အဖွဲ့တွေပါတယ်။ စကစဖက်က ရဲ၂၁ယောက်
အလံဖြူထောင်တယ်။ အကောင်ကြီးတွေလည်းပါတယ်။သူတို့ဖက်က အကျဆုံးများတယ်။ ထွက်ပြေးသွားတာတွေလည်းအများကြီး။ ကျွန်တော်တို့ဖက်က နှစ်ယောက်ကျတယ်။ကျန်တာတော့ ထုတ်ပြန်ချက်ထဲကအတိုင်းပါပဲ” ဟု တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်နက်ချအလံဖြူထောင်ပြသူများအနက်စခန်းမှူး ရဲအုပ်ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ဒု-ရဲအုပ် မျိုးသန့်တို့ပါဝင်ပြီး လက်နက်ငယ် ၂၉လက်၊၆၀မမ ၁၂လုံး၊ အီနာဂါ ငါးလုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ Station Jammer သုံးခု၊ ကျည်အိမ် ၃၄ခုနှင့် ကျည်ဆံအချို့သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မြို့သစ်မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များကရှင်းလင်းရေးလုပ်ဆောင်နေကာ ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံပြည်သူများလည်း ရှိနေကြောင်း သိရသည်။
ပုံ – အမှတ်(၁)စစ်ဒေသ
ပုံစာ-သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်း(မြို့သစ်မြို့)
#စစ်ကိုင်းတိုင်း #တမူးအထက်ပိုင်း #အိန္ဒိယနယ်စပ် #မြို့သစ်မြို့ #စခန်းသိမ်းတိုက်ပွဲ #Ayeyarwaddy
_Times