
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေ ၁၂ ရက်)
“ဆားမပါသည့်ဟင်း အရသာကင်း” ဆိုတဲ့ ဆိုရိုးစကားကို ကြားဖူးကြမယ် ဆိုခဲ့ရင် မြန်မာ လူမျိုးတွေဟာ အငန်အရသာကို နှစ်ခြိုက်ခုံမင်စွာစားသောက်တတ်တဲ့အပေါ် အငြင်းပွား ကြမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ အသက်ရှင်ဖို့ကလည်း “ဆား”ဟာ မရှိမဖြစ် လိုအပ်ပါတယ်။
အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ လက်ခြေအဆစ်တွေ အကွေးအဆန့်ပြုလုပ်ခြင်း၊ မျက်တောင်ခတ်ခြင်း၊ ချွေးထွက်ခြင်း၊ အစာအာဟာရစုပ်ယူခြင်း၊ တံတွေးထွေးခြင်း၊ ဝမ်းသွားခြင်း စတဲ့ ခန္ဓာကိုယ်က လုပ်ဆောင်မှုတိုင်းအတွက် ဆားဓာတ်ကို လိုအပ်ပါတယ်။နွေရာသီနှင့်ဆား
နွေရာသီပူလောင်လောင်မှာ ချွေးထွက်လွန်သွားတဲ့အခါ ခန္ဓာကိုယ်ထဲကဓာတ်ဆားတွေ ဆုံးရှုံးရပါတယ်။ အရည်နှင့် “ဆား”တွေပြန်မဖြည့်ပါက ပျော့ခွေ နှုံးချိ ပင်ပန်း အားနည်း နေမှာပါ။ ဒါကြောင့် ပင်ပင်ပန်းပန်းအလုပ်လုပ်ကိုင်ရသူတွေ၊ အားကစားသမားတွေနဲ့ ချွေးထွက်လွန်သူတွေကို ဓာတ်ဆားရည်ပြန်သောက်ဖို့ ညွှန်းရခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံနှင့်ဆား
ရေထွက်သယံဇာတ စားသောက်ကုန်များကို ရေရှည်ခံစေရန် ဆားတွေဖြည့် အငန်ကဲပြီး ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိစိမ်းစား၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည်၊ ငါးပိကောင်၊ ငါးဆားနယ်တွေ စတာတွေကို လုပ်တတ်ကြပါတယ်။
တောင်ပေါ်ဒေသမှာဆိုရင်လည်း ဆီတို့ဟူး ၊ ပဲပုတ် စတဲ့ ဒေသ အစားအစာတွေမှာ ဆားတွေများပြား စွာပါဝင်ပါတယ်။
ကျွန်တော်တို့ မြန်မာတွေဟာ အာဟာရပြည့်ဝတဲ့မြေပဲကိုပင် ဆားလှော်ပြီးတော့ မြေပဲဆားလှော်အဖြစ် အငန်တိုးစေပါတယ်။
ပဲကြီးလှော်ရာမှာလည်း ဆားပါဝင်တာကို “ပဲကြီးလှော်ကြားဆားညှပ်” ရယ်လို့ပင် ရိုးရာ စကားပုံ အဖြစ် ခိုင်းနှိုင်းပြောခဲ့ကြပါတယ်။ အငန်ကဲတဲ့ အစားသောက်တွေကိုလည်း မျက်နှာပန်းလှစွာ ရောင်းဝယ် ဖောက်ကားလက်ဆောင်ပေးကြပါတယ်။နေ့စဉ်စားမိနေသောဆားများ
ဆားတွေပါဝင်တဲ့ အသားခြောက် နှင့် ရေရှည်ခံအစားအသောက်တွေ စားသောက် ကြရုံသာမက ကောက်ညှင်းပေါင်း မုန့်လင်မယား ဆီထမင်း လို မြန်မာမုန့်တွေကိုပင် ဆားနှင့် နှမ်းရောစပ်ပြုလုပ်တဲ့ နှမ်းတောင်းကို ဖြူး၍စားပါသေးတယ်။
မြန်မာတွေဟာ ချဉ်ဖက် ဆားရည်စိမ် တို့စရာကဲ့သို့ ဆားပါဝင်တဲ့ စားစရာတွေလည်း ခုံမင်နှစ်သက် ကြသူများဖြစ်ကြပါတယ်။ ခေါက်ဆွဲခြောက်လို အမြန်စာ စားစရာတွေမှာ လည်း ဆားတွေ လွန်လွန်ကဲကဲ ပါဝင်နေပါတယ်။နေ့စဉ်လိုအပ်သော ဆားပမာဏ
အရွယ်ရောက်ပြီး သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဆား လက်ဖက် ရည်သောက်ဇွန်းအသေး တစ်ခပ်စာ (၂၀၀၀ မီလီဂရမ်) ပဲလိုအပ်ပါတယ်။ ဆားပမာဏနေ့စဉ် အပိုစားမိပြီး ပိုလျှံသွားတဲ့အခါ တွေးတိုးလာတတ်ပါတယ်။ နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ နှင့် လေဖြတ်ခြင်းတွေ ကြုံတွေ့ခံစားရမှာပါ။ခေတ်စားနေသည့်ဆားလျှော့စားခြင်းအလေ့အထ
အငန်စားသောက်ကြသည့် အာရှတိုင်းသားမြန်မာလူမျိုးများတွင် သွေးတိုး ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိပါတယ်။ အာဟာရဆရာဝန်နဲ့တိုင်ပင်၍ နေ့စဉ် စားသောက်ရန် ဆားပမာဏတွက်ချက်ပြီး (အရသာပေါ့ပေါ့) ဆားလျှော့စားခြင်း အလေ့ အထမွေးမြူလေ့ကျင့်နေခြင်းကုထုံး ခေတ်စားလျက်ရှိပါတယ်။
အဲ့ဒီလုပ်ဆောင်ခြင်းဟာ သွေးမတိုးတော့ဘဲ သွေးပေါင်ချိန်မှန်ကန်လာပြီး နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် လေဖြတ်တာတွေအတွက် တော်တော်လေးကို ကာကွယ် တားဆီး ပေးနိုင်ပါတယ်။ အာဟာရထိန်းချုပ်နိုင်မှုကြောင့် လူနာအချို့ သွေးပေါင်ချိန် မှန်ကန်ပြီး သွေးတိုးရောဂါထိန်းဆေးဝါးများကို သောက်စရာမလိုဘဲ အဆင်ပြေ သွားကြတဲ့ အထိ အကျိုးထူးလာကြပါတယ်။
သက်ကြီးရွယ်အို အဘိုး အဘွားတွေလည်း ခြေထောက်ဖောယောင်ခြင်း သက်သာလာပြီး အရိုးပါးခြင်းဖြစ်စဥ်ကို နှောင့်နှေးစေနိုင်တယ် ဆိုပြီးတွေ့ရှိထားကြပါတယ်။
ကလေးငယ်တွေမှာလည်း ဆားများများကျွေးခြင်းကြောင့် နုနုနယ်နယ် ကျောက်ကပ် လေးတွေပျက်စီးရတတ်ပါတယ်။
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်အခါမှာလည်း ပုံမှန်နေ့စဉ်လိုအပ်တဲ့ ဆားပမာဏ ထက်အနည်းငယ်မျှသာပိုလိုပါတယ်။ သို့ရာတွင်ဆားကို အလွန် အကြူးစားမိပါက ကိုယ်ဝန်သွေးတိုး ပြဿနာကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဆောင်အမျိုးသမီးတွေအတွက် ဆားပမာဏကိုတိုးပြီးစားဖို့ မတိုက် တွန်းသင့်ပါဘူး။ နို့တိုက်မိခင်များမှာလည်း ဆားကို ပိုစားပေးဖို့ မလိုအပ်ပါဘူး။
လက်ရှိမြန်မာနိုင်ငံမှာတော့ စားပွဲတင်ဆား (Table salt) ပင်လယ်နေလှမ်းဆား (Sea salt) ပန်းရောင်ဟိမဝန္တာဆား (Himalayan pink salt) ရနံ့သွင်းဆား( flavored salt) နဲ့ ဆားကြမ်းများ ဝယ်ယူရနိုင်ပါတယ်။
ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း မှန်ကန်သောဆားပမာဏကို ချင့်ချိန် စားသုံးပြီး ကျန်းမာကြပါစေ။ ဘေးဘယာတွေကင်းကြပါစေ။
နောက်တစ်ပတ်မှာတော့ လိင်ပိုင်းဆိုင်ရာစော်ကားအမြတ်ထုတ်ခြင်း အကြောင်းအရာကို ကျန်းမာရေးဆောင်းပါးအသွင် ဖော်ပြပေးမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှု ပေးကြပါဦး ခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျွန်တော်တို့စားမိနေသောဆားများ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)