ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ မေ ၁၁ ရက်

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် မေ ၈ ရက်နေ့က ဆေးဝါးကုသခွင့် အလုံ အလောက် မရရှိသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ကိုလင်းလင်းထွန်းဆိုသူမှာ အကျဉ်းထောင်ပြင်ပတွင် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်းမှာ စစ်ကြောရေးမှရရှိခဲ့သည့် ပြင်းထန်ဒဏ်ရာများကြောင့် ဆေးကုသခွင့်ရရန် ဒိုက်ဦးထောင်အာဏာပိုင်များထံ မကြာခဏတောင်းဆိုခဲ့သော်လည်း ကျန်းမာရေးအခြေအနေ ဆိုးဝါးလာချိန်မှသာ ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားက ဖမ်းဆီးခံရတဲ့အချိန်မှာ စစ်ကြောရေးမှာ ရတဲ့ဒဏ်ရာတွေက ပြင်းထန်တယ်လို့သိရတယ်။ အတွင်းဒဏ်ရာတွေကြောင့်မို့လည်း ထောင်ဆေးရုံမှာ ဆေးဝါးကုသမှု ရဖို့ မကြာခဏတောင်းဆိုတဲ့အတွက် ဆေးဝါးကုသမှုခံယူနေရတယ်။ ကျန်းမာရေး ဆိုးရွားလာပြီး အသက်မမီတဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံတွေကိုထုတ်တဲ့အတွက် အသက်မရှိတော့ဘူးပေါ့။ ရောဂါအခံကြောင့် ဆုံးတာလားဆိုတာကို ကျွန်တော်တို့ ထပ်ပြီးမှ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု PPNM မှ တာဝန်ရှိသူကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျဆုံးခဲ့ရသည့် ကိုလင်းလင်းထွန်းသည် လယ်ဝေးမြို့ ဒေသခံတစ်ဦးဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်‌ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ်၁၀ နှစ် ကျခံနေရသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်များတွင် အကျဉ်းသားများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ အားနည်းနေပြီး ဆေးဝါးမပြည့်စုံခြင်း၊ နိုင်ငံခြားဆေးဝါးများ လက်မခံခြင်း၊ မည်သည့်ရောဂါကိုမဆို ပါရာစီတမော့ တစ်မျိုးသာပေးလေ့ရှိကြောင်းလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများထံက သိရသည်။

“ဒိုက်ဦးထောင်အပါအ၀င် တစ်နိုင်ငံလုံးကထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်ဘူး ဆိုတာကို ကျွန်တော်တို့ အမြဲတမ်းထုတ်ပြောလေ့ရှိတယ်။ ကမ်းပိန်းတွေလုပ်ပြီးတော့ ပြည်သူတွေသိရှိအောင် စည်းရုံးလှုံ့ဆော်လေ့ရှိတယ်။ ကျွန်တော်တို့ ဘက်က လုပ်နေတဲ့တိုင်အောင် အကျဉ်းဦးစီးဘက်က နိုင်ငံခြား ဆေးဝါးတွေကို အကန့်အသတ်နဲ့ လက်ခံတယ်။ တချို့ထောင်တွေမှာဆို ထောင်အာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံခြားဆေးဝါးတွေကို လက်မခံတာရှိတယ်” ဟု ကိုသိုက်ထွန်းဦးက ထပ်မံပြောပြသည်။

၂၀၂၄ ခုနှစ် နှစ်စမှ ယခုအချိန်အထိ အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှုအလုံအလောက်မရ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ရှစ် ဦးအထိရှိလာနေပြီး ဒိုက်ဦးထောင်မှ အကျဉ်းသား သုံးဦး ပါဝင်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ဒိုက်ဦးထောင်
#ဒိုက်ဦးထောင် #နိုင်ငံရေးအကျဉ်းသားသေဆုံး #ဆေးဝါးကုသခွင့်မရ #PPNM #Ayeyarwaddy_Times