ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအသစ်အဖြစ်ရောက်ရှိလာသည့် H.E. Mr. Abhay Thakur သည် ယမန်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ကို သံအမတ်ခန့်အပ်လွှာပေးအပ်ကြောင်း စစ်ကောင်စီထံမှ သိရသည်။

စစ်ကောင်စီ၏ ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့နှင့် အိန္ဒိယသံအမတ်သစ် H.E. Mr. Abhay Thakur တို့တွေ့ဆုံကြောင်းသိရသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များအကြောင်းဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာတော်သင်များ စေလွှတ်လျက်ရှိမှုအခြေအနေများနှင့် မြန်မာ – အိန္ဒိယနှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းပျံသန်းရေးဆိုင်ရာကိစ္စရပ်များပါဝင်ဆွေးနွေးကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် စစ်ပစ္စည်းများ ရောင်းချပြီး စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေကြောင်း Justic For Myanmar က သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိလုပ်ငန်း PSUs ၁၀ ခုသည် စစ်ကောင်စီထံ စစ်ဘက်သုံးပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီများရောင်းချကာ စီးပွားရေးလုပ်ဆောင်နေကြောင်း အထက်ပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MOI
#စစ်ကောင်စီ #အိန္ဒိယသံအမတ်သစ်တွေ့ #ကုန်သွယ်ရေး #နယ်စပ်တည်ငြိမ်ရေးဆွေးနွေး
#Ayeyarwaddy_Times