ဧရာ၀တီတိုင်းမ်
မေ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်ကောင်စီမှ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဘုန်း ကြီးကျောင်းရှိ စစ်ရှောင်များနှင့် ကျေးရွာအတွင်းရှိ ဒေသခံ များကို သတ်ဖြတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ မေ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ရှောင်များ နေထိုင်နေသည့် ဘုန်းကြီးကျောင်းနှစ်ကျောင်းမှ ပြည်သူများနှင့် ရွာအတွင်းမှ ‌ပြည်သူ ၃၀ နီးပါးကို သတ်ဖြတ်သွားကြောင်း ယင်းရွာကိုသွား ရောက်ကူညီနေသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦး ထံက သိရသည်။

“ဘုန်းကြီးကျောင်း နှစ်ကျောင်းက စစ်ရှောင်တွေကိုရော ရွာထဲက ဒေသခံတွေကို ရောသတ်သွားတာ။ လက်နက်ကြီး တွေ တောက်လျှောက်ပစ်ပြီး ဝင်လာတာ။ ဘုန်းကြီး ကျောင်းတစ်ကျောင်းက စစ်ရှောင် ငါး ယောက်နဲ့ နောက်တစ်ကျောင်းက ၂၃ ယောက်ပါ။ ရွာလမ်းမပေါ်မှာလည်း အလောင်းတွေတွေ့တယ်။ လတ်တလောမှာ ၃၀ နီးပါး အသတ်ခံထားရတယ်”ဟု CDSOM ခေါင်းဆောင် ကိုနွေဦး(မြောင်)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် သတ်ဖြတ်ခံထားရသူ ၃၀ နီးပါးရှိပြီး ကျန်အသေးစိတ်သိရှိရခြင်းမရှိသေးဘဲ နယ်မြေအတွင်းဝင်ရောက်၍ ကူညီမှုများလုပ်ဆောင်ပေးလျက်ရှိကြောင်း ကိုနွေဦးက ဆိုသည်။

“လူတွေကိုဖမ်းပြီး အပြင်မှာစုထိုင်ခိုင်းတာ။ ပြီးတော့ သေနတ်တွေနဲ့ပစ်သတ်သွားတာ။ သေတဲ့အထဲမှာ အမျိုးသမီးတွေလည်းပါတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ၃၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ခဲ့ပြီးနောက် လက်ထုတ္တောရွာရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ-ပေးပို့
#စစ်ကိုင်း #မြင်းမူ #လက်ထုတ္တော #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #၃၀ #အစုလိုက်အပြုံ လိုက် #သတ်ဖြတ်ခံရ #Ayeyarwaddy_Times