
ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
လာမည့် ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး အားကောင်းပါက မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ မေ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နိုင်ကာ အဆိုပါကာလ အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆ ရက်မှ ၉ ရက်ခန့် မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်၊ ရခိုင်ပြည်နှင့် ကရင်နီ(ကယား) တို့တွင် ၂ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
လက်ရှိကာလအတွင်း အပူချိန်မြင့်တက်နေမည်ဖြစ်ကာ မေလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် ပိုနိုင်သောဒေသများတွင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်၊ ကရင်နီ (ကယား) ၊ ကရင်ပြည်နှင့် မွန်ပြည်တို့ပါဝင်သည်။
စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်(မြောက် ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည် နယ်တို့တွင်မူ မေလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်းသိရသည်။
မိုးကြိုကာလတွင် လေထုမငြိမ်မသက်မှုများကြောင့် မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ် တောင်များဖြစ်ထွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ-ရန်ကုန်မြို့၏ ရာသီဥတု မြင်ကွင်း
#မေလဒုတိယပတ် #လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ်ဖြစ်နိုင် #မိုးရွာမည်
#Ayeyarwaddy_Times