
ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မေ ၁၁ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် Non-CDM ဝန်ထမ်းများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ကြရန် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ကန်ပက်လက်)က ယမန်နေ့ မေလ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်သည် ကန်ပက်လက်မြို့နယ် CDM နှင့် Non CDM စီစစ်ရေးကောင်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်ပြီး Non-CDM ဝန်ထမ်းများအနေဖြင့် လက်ရှိ ဆောင်ရွက်နေသည့် ရုံးလုပ်ငန်းများကို ရပ်တန့်၍ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ရန်ဖြစ်သည်။
“အရင်က Non CDM တွေကို CDM ဝင်ရောက်ဖို့ အကြိမ်ကြိမ်နှိုးဆော်ခဲ့ပြီး CDM ဝင်ရောက်လာကြတာလည်းရှိပါတယ်။ အခုကတော့ CDM ဝင်ဖို့ကဏ္ဍနဲ့ မဟုတ်တော့ဘဲ အလင်းဝင်ဖို့အနေနဲ့သာ ကဏ္ဍပြောင်းပြီးထုတ်ပြန်တာဖြစ်ပါတယ်” ဟု ကန်ပက်လက်မြို့နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သတ်မှတ်ထားသော ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်လာခြင်းမရှိသည့် Non-CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
လက်ရှိတွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင်း စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့သိမ်းတိုက်ပွဲတွင် ကုန်ကျခဲ့သည့် အသုံးစရိတ်များကို အကြွေးဆပ်ရန် ကျပ်သိန်း တစ်ထောင် အရေးပေါ် အကူညီလိုအပ်လျက်ရှိကြောင်း သိရသည်။
“မြို့သိမ်း တိုက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ စစ်သုံးစရိတ်တွေ အကြွေးတင်ခဲ့တယ်။ မြို့သိမ်းတိုက်ပွဲက ငါးလနီးပါး ကြာမြင့်တဲ့အတွက် ကုန်ကျစရိတ် ပိုများသွားတာပေါ့နော်။ လောလောဆယ် ကျပ်သိန်း တစ်ထောင် အကြွေးတင်သွားတယ်။ ကျွန်တော်တို့ ဆက်လက် မြို့သိမ်း တိုက်ပွဲ ဆင်နွှဲဖို့ တိုက်ပွဲဝင်နိုင်ဖို့အတွက် ငွေကြေးအကူညီ လိုအပ်နေပါတယ်” ဟု ကန်ပက်လက်မြို့နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ထပ်မံပြောကြားသည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချင်းလဲန်းကာကွယ်တပ်(ကန်ပက်လက်)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က စတင်ဆင်နွှဲခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် အာရက္ခတပ်တော်(AA) ၏ စစ်ရေးဦးဆောင်မှုဖြင့် စစ်ရေးအရှိန်မြင့်ကာ ချင်းညီနောင်အဖွဲ့က ဧပြီလ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိထားသည်။
#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #NonCDM #ဝန်ထမ်းများ #ရက်ပေါင်း #၆၀အတွင်း #အလင်းဝင်ကြရန် #အသိပေးထုတ်ပြန် #Ayeyarwaddy_Times