
ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
ထိုင်းနိုင်ငံတွင် မကြာခင်ကရောက်ရှိနေကာ ဘာသာစကားကျောင်းတက်ရောက်ခွင့်မရသေးသောအမျိုးသားများအတွက် ကျောင်းသားဗီဇာလျှောက်ထားမှုကိုယာယီပိတ်ပင်ကြောင်း ဗီဇာဝန်ဆောင်မှု လုပ်ငန်းများထံမှ သတင်းရရှိသည်။
ထိုင်းနိုင်ငံသို့ Non – Immigrant ED Language ဗီဇာဖြင့်ရောက်ရှိနေပြီး ဘာသာစကားသင်တန်းကျောင်းတက်
မည့်သူများ၏ နေထိုင်ခွင့်သက်တမ်းတိုးပေးမှု ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်က မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ အမျိုးသားများကို လျှောက်ထားခွင့်မပြုခြင်းကိုမူ သတင်းအတိအကျထုတ်ပြန်ထားခြင်းမရှိသေးပေ။
“ ကျောင်းသားဗီဇာနဲ့နေတာ နောက်လကုန်မှသက်တမ်းပြည့်မှာမလို့ သက်တမ်းကျန်သေးတယ်။ အသစ်လုပ်တဲ့ အခါတော့မသိသေးဘူး။ အခုကိစ္စတွေနဲ့ ပတ်သက်ပြီးဘယ်လိုဖြစ်မလဲမသိသေးဘူး။ သက်တမ်းတိုး သွားမှပဲသိရတယ်” ချင်းမိုင်တွင် ကျောင်းသားဗီဇာ ၁၅ သက်တမ်းဖြင့်နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ထို့ပြင်ကျန်ရှိနေသောဗီဇာအမျိုးအစားများအတွက် ဗီဇာသက်တမ်းတိုးဆောင်ရွက်နိုင်ပြီး Non – Immigrant ED သည် အမျိုးအစားဖြင့် တက္ကသိုလ်တက်ရောက်နေသူများ၊ အမျိုးသမီးများ အပါအဝင် ဗီဇာသုံးလရရှိထားပြီး ၁၂ လသက်တမ်းတိုးမည့်ဗီဇာများ နှင့် သုံးလတစ်ကြိမ် သက်တမ်းတိုးမည့် ပြင်ပကျောင်းသား၊ ကျောင်းသူများပုံမှန် သက်တမ်းနိုင်ကြောင်း ချင်းမိုင်ရှိဗီဇာဝန်ဆောင်မှုပေးသောလုပ်ငန်းများထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များကြောင့် လူငယ်လူရွယ်များပြည်ပထွက်ခွာမှုများပြားနေကာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ကြားနိုင်ရန်အတွက် ရွှေ့ပြောင်းအခြေချနေထိုင်မှု ပိုမိုများပြားကြောင်းသိရသည်။
ထို့ပြင် ချင်းမိုင်မြို့ရှိ နာမည်ကြီးကျောင်းတစ်ခုတွင် မြန်မာကျောင်းသား ၅၀၀၀ ခန့်ရောက်ရှိ၍ ယင်းကိစ္စနှင့် ပတ်သက်ပြီးစုံစမ်းနိုင်ရန်အတွက် ကျောင်းသား visa ယာယီပိတ်ထားခြင်းဖြစ်ကြောင်းလည်း ပြောဆိုမှုများရှိနေသည်။
မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ကျားဖြန့်လုပ်ကိုင်သောတရုတ်နိုင်ငံသားများက ထိုင်းနိုင်ငံတွင် Education Visa ဖြင့် ခိုလှုံနေထိုင်ကြောင်း သတင်းများထွက်ပေါ်
နေသည့်အတွက် ယခုဖြစ်စဉ်အပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
မြန်မာနိုင်ငံ၊ ထိုင်းသံရုံးတွင် စာရွက်စာတန်းများကိုတရားဝင်ထောက်ခံချက်ပြုလုပ်ရာတွင် လည်း လျှောက်သူများ ပြားသဖြင့် မေ ၁၃ ရက်နေ့မှစတင်ကာ QR စနစ်ဖြင့် ရက်ချိန်းကြိုတင်ယူရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးထံမှ သိရသည်။
ထို့အပြင် ထိုင်းသံရုံးတွင်အွန်လိုင်းရက်ချိန်းစနစ်ဖြင့် ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန် ရက်ချိန်းယူပြီး ပယ်ဖျက်ခွင့်မရှိကြောင်း၊ ကြိုတင်စာရင်းပေးသွင်းနိုင်သည့်ရက် ၃၀ မှ ၁၄ ရက်သို့လျော့ချလိုက်ကြောင်း ယင်းသံရုံးထံမှ သိရသည်။
ဓာတ်ပုံ – ထိုင်းတက္ကသိုလ်ကျောင်းများ
#ထိုင်းကျောင်းသားဗီဇာ #အမျိုးသား #ယာယီပိတ် #Ayeyarwaddy_Times