ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ မေ ၁၁ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြစိုက် တောင်ငူ လေတပ်စခန်းကို ယမန်နေ့ မေ ၁၀ ရက် နံနက် ၄ နာရီဝန်းကျင်က တောင်တန်းသူရဲကောင်းများကာကွယ်ရေးတပ်ဖွဲ့ (Mountain Knights Civilian Defense Force – MKCDF) အဖွဲ့က ရှော့တိုက်ဒုံး ခုနစ် လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

တောင်ငူလတပ်ကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ အဆောက်အဦ ပြိုကျမှုကြောင့် ဂျက်ဖိုက်တာ နှစ်စင်း အတောင် နှင့် အမြီးပိုင်း ကျိုးကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အရာရှိနှစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း MKCDF ထံက သိရသည်။

“တောင်ငူလေတပ်ကိုပစ်ဖို့ အချိန်တစ်လလောက်ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ရပါတယ်။ ပစ်ဖို့ညကလည်း မိုးတွေကရွာ၊ လုံခြုံရေးကို ဘက်ပေါင်းစုံကတင်းကျပ်နေတဲ့ ကြားထဲ ကပဲ အခုမစ်ရှင်ကို အောင်မြင်အောင်လုပ်ဆောင်ခဲ့တာ၊။ ကျွန်တော်တို့ဘက်က ရှော့တိုက်ဒုံး ငါးလုံးပစ်လိုက်တဲ့ အချိန်မှာပဲ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ် ပါတယ်။ နောက် ငါး လုံးပစ်ပြီးပြီးချင်း ပစ္စည်းတွေကိုတောင် သေချာစနစ်တကျ မသိမ်းနိုင်ပဲ အလွတ်ပြန်ထွက်ခဲ့ရတယ်” ဟု MKCDF ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တောင်ငူလတပ် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ခဲ့ပြီး အနီးပတ်ဝန်းကျင်တစ်ဝိုက်ကိုလည်း လေယာဥ်ဖြင့် ပတ်ရှာခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်တွင် K-8 နှင့် K-8w ၁၅ စင်း၊ Mig-29 လေးစင်း၊ CH-3UAV Drone တစ် စင်း၊ Mi-35 နှစ်စင်း၊ Mi-2 နှစ်စင်း၊ Mi-17 သုံးစင်း ရှိကြောင်း သတင်းရင်းမြစ်အချို့ထံက သိရပြီး ကရင်နီဒေသ နှင့် ကရင်ပြည်နယ်ရှိ အရပ်သားများ၊တော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အဓိက အသုံးပြုသည့် လေတပ်စခန်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့အနေနဲ့လည်း ဒီမစ်ရှင်ဖြစ်မြောက်ဖို့ စနစ်တကျစီမံပေးခဲ့တဲ့ BWM အဖွဲ့ကိုရော စစ်ဒေသ ၃၁ ပါတီရဲဘော်များရော အတူလက်တွဲပူးပေါင်းပေးခဲ့တဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့နဲ့ Fighter Sar Kae အဖွဲ့တိုကိုရော၊ အားပေး ဝန်းရံပေးခဲ့ကြတဲ့ ပြည်သူတွေကိုရော အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု MKCDF တာဝန်ရှိ သူက ဆိုသည်။

MKCDF အဖွဲ့သည် Brave Warriors for Myanmar(BWM) ၏ စီမံမှုဖြင့် ပြီးခဲ့သည် မတ် ၁၄ ရက်နေ့က တောင်ငူလေတပ်ကိုလည်းကောင်း၊ ဧပြီ ၁၁ ရက်နေ့က နေပြည်တော် အေလာလေဆိပ်ကိုလည်းကောင်း တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – အင်တာနက်
#တောင်ငူလေတပ်ဌာနချုပ် #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက်ခံရ #လေယာဉ်ပျက်စီး #တပ်သား‌သေဆုံး #MKCDF #Ayeyarwaddy_Times