ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ မေ ၁၁ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ အနီးရှိ ကျုံအိတ်တံတား ယနေ့ မေ ၁၁ ရက်၊ နံနက်အစောပိုင်း အချိန်က မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဘားအံ ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားမှာ ယခင်မိုင်းခွဲခံရမှုကြောင့် လမ်းမတစ်ဖက်ကို ဘေလီတံတားထိုးကာ ပြင်ဆင်ထားပြီး ယခုအကြိမ် မိုင်းခွဲခံရမှုကြောင့် အသစ်ပြင်ဆင်ထားသည့် ဘေလီတံတားအပြင် ယခင်ကျုံအိတ်တံတားအဟောင်းပါ ကျိုးကျ ပျက်စီးခဲ့ကြောင်း သ်ိရသည်။

“ကျုံအိတ်ဘေလီတံတား ကြိုးသွားပြီး မနက်အစောကြီးကတည်းက ကားတွေပိတ်မိနေတယ်။ အသစ်ထိုးထားတဲ့ ဘေလီတံတားရော နောက်တစ်ခြမ်းကလမ်းရော ကျိုးသွားပြီ” ဟု ခရီးသွာ‌ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျုံအိတ်တံတားကျိုးကျမှုကြောင့် နှစ်ဖက် ကားများပိတ်မိနေပြီး တံတားမိုင်းခွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်းကိုမူ ဧရာဝတီတိုင်းမ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဘားအံကားလမ်း‌ပေါ်ရှိ ကျုံအိတ်တံတာမှာ ကရင်ပြည်နယ်၊ တနသ်ာရီတိုင်းတို့ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိနေသည့် တံတားတစ်စင်းဖြစ်သည်။

ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတားကို ယမန်နှစ် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တံတားတစ်ခြမ်းကျိုးကျပျက်စီးခဲ့ပြီး အခြေအနေကို လာရောက်စစ်ဆေးခဲ့သည့် သက်ဆိုင်ရာ အရာရှိများမှာလည်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#ဘီးလင်း #ကျုံအိတ်တံတား #မိုင်းခွဲခံရ #တံတားကျိုးကျပျက်စီး #Ayeyarwaddy_Times