
ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာအုပ်စုမှ ရှမ်းကုန်းကြီး နှင့်သရက်ချိုကုန်းကျေးရွာ နှစ်ရွာရှိ လယ်မြေ ဧက ၂၀၀ကျော်နှင့် လူနေအိမ် ၅၀ခန့်ကို စစ်ကောင်စီက မေလ ၈ရက်နေ့တွင် သိမ်းယူ လိုက်ကြောင်းသိရသည်။
“အဘိုးအဘွားတွေလက်ထက်ထဲကနေလာတာပါ လယ်တွေ ဆိုတာကလည်းအစိုးရကို အခွန်ဆောင်ပြီး လုပ်နေတာပါ။ စစ်တပ်က လူတွေ က အလံနီလာစိုက်ပြီး ဖယ်ခိုင်းထားတယ်။ ဘူဒိုဇာတွေလဲရောက်နေတယ် အုပ်ချုပ်ရေးမှူးကလည်း သူတို့ပြောင်းခိုင်းရင်ပြောင်းပေးလိုက်လို့ပဲပြောတယ်။ရွာသားတွေ လဲ ကြောက်လို့ ပြောင်းရွှေ့ကုန်ပြီ အကုန်ဒုက္ခရောက် ကြတာပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိသိမ်းဆည်းသောနေရာသည် စစ်ကောင်စီ၏ အကျဥ်းဦးစီးဌာနမှ စိုက်ပျိုးရေးဇုန်အဖြစ် တည်ဆောက်မည်ဟု သိရှိရပြီး စားကျက်မြေများဖြစ်သည့်အတွက် ပြန်လည်သိမ်းယူခြင်းဖြစ်ကာ လယ်များနှင့် နေအိမ်များကို နစ်နာကြေးပေးရန် စစ်ကောင်စီဘက်မှ ပြောဆိုထားခြင်းမရှိကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရှိရသည်။
“အခုနွေစပါးပေါ်ချိန်မှာ စပါးဈေးကအောက်ဆုံးကိုထိုးကျနေပါတယ် ၊ ဆီဈေးကြီးမှုကြောင့်ထွန်ရက်ခ ရိတ်သိမ်းခ ဆေးအိတ်စတဲ့သွင်းအားစုတွေဈေးကြီးနေပြီး အလုပ်သမားရှားပါးမှုကြောင့် အလုပ်သမားခတွေ ဈေးကြီးနေပါတယ်။ အခုလယ်သမားတွေကနေစရာခြံရော လုပ်ကိုင်စရာလယ်ပါမရှိရင် အလုပ်အကိုင်မရှိ အိမ်ခြေယာမဲ့အဖြစ် အခြေပျက်သွားပါလိမ့်မယ်။ မိုးရာသိနီးလာပြီဖြစ်တဲ့အတွက် ရွေ့ပြောင်းဖို့ကလည်း အခက်အခဲတွေတော်တော်ရှိလာပါတယ်”ဟု ဒေသခံ လယ်သမားတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပြီးခဲ့သည့် ဧပြီ လအတွင်းက အဆိုပါနေရာများကိုမြေစာရင်းဦးစီးဌာနမှ လာရောက် တိုင်းတာခဲ့ပြီးနောက် စစ်ကောင်စီမှ ၀န်ကြီးဆိုသူတစ်ဦးမှ လာရောက်ကြည့်ရူ ပြီး ယခုကဲ့သို့ သိမ်းဆည်းခံရခြင်းဖြစ်သည်။
လယ်သမားများအနေဖြင့် လယ်မြေများကို ပိုင်ဆိုင်မှုပုံစံ(၇)မရှိသော်လည်း နှစ်ပေါင်းများစွာ အခွန်ဆောင်ပြီးလုပ်ကိုင်ခဲ့သည့်နေရာများဖြစ်ကာ နွေစပါး များစိုက်ပျိုးထားသည့်အတွက် ဖျက်ဆီးခံရပါက အခက်အခဲများနှင့်ရင်ဆိုင်ရနိုင်ကြောင်း ဒေသခံများကပြောသည်။
#ပုသိမ်မြို့နယ် #ကျောက်ချောင်းကြီး #ရှမ်းကုန်းကြီး #သရက်ချိုကုန်းကျေးရွာ #လယ်မြေဧက #၂၀၀ကျော် #လူနေအိမ်၅၀ခန့် #စစ်ကောင်စီ သိမ်းယူ #အကျဉ်းဦးစီးဌာန #Ayeyarwaddy_Times