ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မေ ၁၀ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာ တာဝါတိုင်အထိုင်စခန်းမှ ထွက်လာကာ နယ်မြေ ရှင်းလင်းရေးလုပ်ပြီး ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် မေ ၈ ရက်နေ့တွင် ပြည်သူကာကွယ်ရေးတပ်မတော်-၃၆၀၁(PPDF)တပ်ရင်း၊ တပ်ခွဲ-၁ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သစ်ပုတ်ရွာ တာဝါတိုင်အထိုင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၂ ဦးသည် ပြန်ချီတက် ကျေးရွာသို့ နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်ခွာခဲ့ပြီးနောက် သစ်ပုတ် တာဝါတိုင်စခန်းသို့ ပြန်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သစ်ပုတ်တာဝါတိုင်ကနေ ပြန်ချီတက်ရွာဘက်ကိုထွက်သွားတာ အဲ့ဒီရွာမှာ တစ်နေကုန် စစ်ဆေးမေး မြန်းတာတွေလုပ်ပြီး ညနေသစ်ပုတ်တာဝါတိုင်အထိုင်စခန်းကိုပြန်တာပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က မိုင်းဆွဲလိုက်တာဖြစ်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ စစ်တပ်ကချက်ခြင်း သစ်ပုတ်တာဝါတိုင်ကို မပြန်နိုင်ဘူး။ ပြန်ချီတက်ရွာနဲ့ သစ်ပုတ် ရွာကြားမှာ ကင်းပုန်းဝပ်နေတာ။ မနက်ပိုင်းမှ တာဝါတိုင်စခန်းကို ၁၈ ယောက် ပြန်ဝင်လာတာ” ဟု ၃၆၀၁(PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးခဲ့သည့် တပ်သားအလောင်း ဒဏ်ရာရသူများကို ညသန်းခေါင်တွင် ဖောကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

ယခုအခါ တော်လှန်‌ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးပစ်မှတ်များကို အဓိကထား တိုက်ခိုက်နေပြီ ဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်ကြရန် ၃၆၀၁ (PPDF) တပ်ရင်းက တိုက်တွန်းထားသည်။

ပေါင်းတည်တွင် ပြီးခဲ့သည့် မေ ၂ ရက်နေ့ကလည်း သစ်ပုတ်တာဝါတိုင်စခန်းမှ ရေချိုးဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ နေရာတွင်ပင် တပ်သား သုံး ဦးသေဆုံးခဲ့ပြီး သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့

#ပေါင်းတည် #သစ်ပုတ်တာဝါတိုင်စခန်း #စစ်ကောင်စီသေဆုံး #PPDF #မိုင်းဆွဲတိုက်ခိုက် #Ayeyarwaddy_Times