နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းနိုင် ရန်အတွက် စစ်ကောင်စီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ပါ ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ရေး လမ်းစရှာ ကြိုးပမ်းနေကြောင်း အပစ်ရပ်အဖွဲ့များ၏ စုဖွဲ့မှုအသစ် 7 EAO Alliance အဖွဲ့ထံက သိရသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့သည် 7 EAO Alliance သည် စုဖွဲ့မှုအသစ်ဖြင့် သွားသည် ဟုဆိုသော်လည်း ရည်မှန်းချက်၊ ရည် ရွယ်ချက်၊ အန္တိမပန်းတိုင်များသည် ယခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ထိတွေ့ဆက်ဆံ စကားပြောဆိုနိုင်ဖို့ လမ်းစရှာနေတယ်။ ကြိုးပမ်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကတော့ အများကြီး ရှိမှာပါ။ ဒီအချိန်ကတော့ စစ်ရေးဘောင်က ကျယ်နေတဲ့ကာလလေ။ နိုင်ငံရေး ဆွေးနွေးမှုလို့ ပြောလိုက်မယ်ဆိုရင် အများအားဖြင့်တော့ သိပ်ပြီးစိတ်မဝင်စားတဲ့ ကာလလည်းဖြစ်တယ်” ဟု 7 EAO Alliance ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်၍ ဖွဲ့စည်းခဲ့သော အပစ်ရပ်အဖွဲ့များ၏ စုဖွဲ့မှုအသစ် 7 EAO Alliance အဖွဲ့သည် ပထမအကြိမ် ဦးဆောင်မှုကော်မတီ အစည်းအဝေးကို ပြီးခဲ့သည့် မေ ၇ ရက်မှ ၈ ရက်အထိ ၂ ရက်တာ အွန်လိုင်းတွေ့ဆုံမှုဖြင့် ကျင်းပခဲ့ပြီး လိုအပ်သော ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအား ဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အတွက် သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို မလွဲမသေ ဖြတ်ကျော်ရမည်ဟု ယုံကြည်ထားသလို စစ်ကောင်စီနှင့် တွေ့ဆုံနေမှုကိုသာ ကြားသိရသည့်အပေါ် အားမလိုအားမရ ဖြစ်နေသည်ကိုလည်း သတိထားမိကြောင်း 7 EAO Alliance အဖွဲ့ထံက သိရသည်။

“SAC (စစ်ကောင်စီ)နဲ့ ဒီလိုမျိုး ထိတွေ့ဆက်ဆံတယ်ဆိုတာ အဓိက ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ လိုလားတဲ့ သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုကို ဘယ်လိုလမ်းစ ရှာလို့ရမလဲ ဆိုတာကို ကြိုးပမ်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်” ဟု 7 EAO Alliance ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ထို 7 EAO Alliance အဖွဲ့၏ ပထမအကြိမ် ဦးဆောင်မှုကော်မတီ ၂ ရက်တာ အစည်းအဝေးအတွင်း လုပ်ငန်းကော်မတီ ခြောက်ခုကို ဖွဲ့စည်း၍ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ညှိနှိုင်းဆွေးနွေး အတည်ပြုကာ ပါဝင်ကြမည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းများကိုလည်း ရွေးချယ်တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကော်မတီများမှာ နိုင်ငံရေးဆွေးနွေးမှုကော်မတီ၊ နိုင်ငံတကာရေးရာ ကော်မတီ၊ လုံခြုံ ရေးပြင်ဆင်မှုကော်မတီ၊ အရပ်သားများ အကာအကွယ်ပေးရေးနှင့် လူသားချင်းစာနာထောက် ထားမှု အကူအညီပေးရေးကော်မတီ၊ ရန်ပုံငွေရှာဖွေရေး ကော်မတီ၊ အမျိုးသမီးနှင့် လူငယ်ရေးရာကော်မတီတို့ဖြစ်ကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က “ ကျွန်တော်တို့ NUG နဲ့ EROs (K3C) ထုတ်ပြန်ထားတဲ့ Join statement ရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်ပေါ့နော်။ Objectives ခြောက်ခုကို အတိအလင်း ဖော်ပြထားတာ ရှိတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ Position တွေပေါ့နော်။ ဒါတွေကိုလည်း အတိအလင်းဖော်ပြထားတာတွေ ရှိတယ်။ အဲဒီအတိုင်းပဲ ဆက်လက် ပြီးတော့ ရပ်တည်သွားမှာ ဖြစ်တယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် K3C ဟု ခေါ်ဆိုသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP/KA) ၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က ဘုံသဘောတူညီချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေး ဦးတည်ချက် (Objectives) အဖြစ် အချက် ခြောက် ချက် ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

ထိုအချက် ခြောက်ချက်အနက် စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် တို့သည် အဓိကအကျဆုံး အချက်များဖြစ်ကြောင်း သိရသည်။

“ဒီအချက်တွေကို သဘောတူ လက်ခံတယ်ဆိုရင်တော့ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ အထဲက တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်စုတစ်ဖွဲ့နဲ့ ကျွန်တော်တို့က ဘယ်လိုပုံစံမျိုးနဲ့ တိုင်းပြည်ကို အသွင်ကူးမလဲ ဆိုတဲ့ကိစ္စကို ဆွေးနွေးကြမယ်ဆိုတဲ့ စဉ်းစားချက်လည်းပဲ လုပ်ငန်းစဥ်အဆင့်ဆင့် နံပတ် (ခ) မှာ ရေးထားတာ ရှိပါတယ်။ အဲဒီတော့ ဒီအတိုင်းပဲ ကျွန်တော်တို့က ဆက်လက်ပြီးတော့ ရပ်တည်သွားမှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

ဓာတ်ပုံ- 7 EAO Alliance

#စစ်ကောင်စီ #NUG #ထိတွေ့ဆက်ဆံဆွေးနွေးနိုင်ရေး #လမ်းစရှာကြိုးပမ်းနေဟု #အပစ်ရပ်အဖွဲ့များ #Ayeyarwaddy_Times