
ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် မိုးလေဝသခန့်မှန်းချက်တွင် ယနေ့ မေ ၁၀ ရက် ညနေပိုင်း၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာနှုန်း ၆၀ ရာခိုင်နှုန်းရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့၏ ၃၀ ရာခိုင်နှုန်းသော နေရာတွင် လေပွေလှိုင်းများပါဝင်ကာ မိုးထစ်ချုန်း ရွာနိုင် မည်ဖြစ်ကြောင်း ယင်းဌာနထံက သိရသည်။
ထို့ပြင် နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ရာနှုန်း ၈၀ ရှိကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျားမိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း ယမန်နေ့ မေ ၉ ရက်နေ့ ညနေ မိုးလေဝသ ခန့်မှန်းချက်ထုတ်ပြန်ချက်အရ သိရသည်။
ယခုတစ်ပတ်တွင် အနောက်လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါလေပွေလှိုင်း၏ အရှိန်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မြန်မာနိုင်ငံအလယ်ပိုင်း သို့သက်ရောက်စေနိုင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် အချိန်ခါမဟုတ် မိုးထစ်ချုန်း ရွာစေနိုင်၍ အပူဒဏ်ကို ပြန်လည်သက်သာစေနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အသိပေးထားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း ယနေ့ညနေခန့်မှန်းချက်အဖြစ် မိုး/ဇလ ဆိုထားသည်။
ယမန်နေ့ မေ ၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း အင်းစိန်၊ လှိုင်သာယာ နှင့် ရွှေပြည်သာမြို့နယ်တို့တွင် လေပြင်းတိုက်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခေါင်မိုးလန်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များလဲကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများထံက သိရသည်။
မိုးကြိုကာလတွင် လေထုမငြိမ်မသက်မှုများကြောင့် မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ် တောင်များဖြစ်ထွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ရန်ကုန်မြို့ #ညနေပိုင်းမိုးရွာနိုင် #ရွာနှုန်း၈၀ #နေပြည်တော် #မန္တလေးမိုးရွာမည် #Ayeyarwaddy_Times