ဧရာဝတီတိုင်းမ်
မေ ၉ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာရှိ ပျူစောထီးအဖွဲ့များကို Myingyan Black Tiger-MBT ပူးပေါင်း တပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ မေ ၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာရှိ ပျူစောထီးစစ်စခန်းကို Myingyan Black Tiger-MBT ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ငါးဦးသေဆုံးကြောင်း တပ်ဖွဲ့ထံ မှ သိရသည်။

“ကျွန်တော်တို့ ဆုံရွာကို မနက် ၅ နာရီကနေစတိုက်တာ ၈ နာရီမှာစခန်းကို သိမ်းနိုင်ခဲ့တယ်။ ပျူတွေမျက်မြင် ငါးဦးသေပြီး ကျန်တဲ့သူတွေလည်း လက်နက်တွေ ကောက်ပြီး ထွက်ပြေးကြတယ်။ တချို့က အမြင့်ပိုင်းကနေ ရမ်းသမ်းပစ်လို့ ရွာထဲကပြည်သူတွေ ထိမှန်သေဆုံးတာတွေရှိတယ်။ ကျွန်တော်တို့ဘက်က ပိတ်မိ နေတဲ့ရွာသားတွေကိုတောင် ‌ကယ်ထုတ်ပေးခဲ့ပါတယ်” ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ပျူစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့်ပျူပူးပေါင်းအဖွဲ့ဝင် ငါးဦးသေဆုံးပြီး၊ ကျန်သူများမှာ လက်နက်ခဲယမ်းများကို သယ်ဆောင် ၍ ထွက်ပြေးတိမ်းရှောင်သွားကြရင်း ရွာထဲ၌ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဆုံရွာ(ပျူရွာ)မှ ပြည်သူများကို လက်နက် ကိုင် ပျူစောထီးများက ရွာအတွင်းမှထွက်ပြေးပါက ၎င်းတို့ကိုယ်တိုင် ပစ်ခတ်သတ်ဖြတ်မည်ဖြစ်ကြောင်း ပြောဆိုထားပြီး ယခုတိုက်ပွဲတွင်း၌လည်း ပိတ်မိ၍ ထွက်ပြေးသည့် ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ ၃၀ ကျော်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် သတ် ဖြတ်သွားကြောင်း ဝါဒဖြန့်သတင်းလွှင့်ထားသည်။

“သူတို့ဘက်က ရွာထဲကထွက်ပြေးတဲ့သူမှန်သမျှ ပစ်သတ်မယ်လို့ တရားဝင်ထုတ်ပြောထားတာ။ အခုဖြစ် စဉ်မှာလည်း ဒေသခံတွေကို သူတို့လိုက်ပစ်တာ။ ကျွန်တော်တို့က ဥပဒေမဲ့ဘာတစ်ခုမှမလုပ်ဘူး။ ရန်သူကို ဖမ်းမိရင်တောင် ဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန် ထားတယ်။ ကျွန်တော်တို့ဘက်က ပြည်သူကိုသတ်စရာ ဘာအကြောင်းမှမရှိပါဘူး။ ကျွန်တော်တို့လုပ်တာမဟုတ်ပါဘူး”ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ကပြောသည်။

အဆိုပါ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းဝင် ရောက်တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း- ၉ (MBT) နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်သည့် မြင်းခြံခရိုင် တပ်ရင်း၆၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊Bright Star Group (LPDF)၊Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team -2)၊CDSOM၊မန္တလေးခရိုင်တပ်ရင်း- ၅နှင့် အခြားညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

#မန္တလေး #မြင်းခြံ #ဆုံရွာ #စစ်ကောင်စီ #ပျူစောထီး #PDF #တော်လှန်းရေးတပ်များ #ဒေသခံများပစ်သတ်ခံရ #Ayeyarwaddy_Times