
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ စစ်ကောင်စီ၏ စုပေါင်းဂိတ်ကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ မေ ၉ရက် နေ့လယ် ၁နာရီခန့်က ဗလမင်းထင်တံ တားထိပ်ရှိ စစ်ကောင်စီ၏ မိုင်းနားစုပေါင်းဂိတ်ကို KIA က ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံး၍ အများအပြား ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
“နေ့လယ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန် အလှန်ပစ်ကြတယ်။ ပြီးတော့ ဂိတ်ကို KIA က မီးရှို့ဖျက်ဆီးထားနိုင်ခဲ့တယ်ပြောတယ်။ တံတားတော့ မသိမ်းနိုင်လိုက်ဘူး။ မြစ်ကြီးနားကနေ စစ်ကူတွေရောက်လာတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ ၃နာရီခန့်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ကူကား သုံးစီးဖြင့် ရောက်ရှိလာပြီး တံတားထိပ်နှစ်ဖက်လုံးကို ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
“တံတားထိပ်နှစ်ဖက်လုံး ယာယီပိတ်လိုက်တယ်ပြောပါတယ်။ ပစ်ခတ်တာတွေက ငြိမ်သွားပါပြီ။ စစ်ကောင်စီရဲ့ မိုင်းနားစုပေါင်းဂိတ်ရယ်၊ ကားတွေနဲ့ ဆိုင်ကယ်တွေလည်း မီးလောင်သွားတယ်လို့ သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီသည် ဝိုင်းမော်ရှိ ဒဘက်ချောင်းကူးတံတားကိုယမန်နေ့ မေ ၆ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။
ပုံစာ- ဗလမင်းထင်တံတားထိပ်တွင် တိုက်ပွဲဖြစ်ပွားနေစဥ်
#ကချင် #ဝိုင်းမော် #စစ်ကောင်စီ #မိုင်းနားစုပေါင်းဂိတ် #KIA #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times