ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ မေ ၁၀ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် စစ်ကျန်လက်နက်ကြီးကျည်ပေါက်ကွဲမှုဖြစ်ပွား၍ အသက် (၁၀) နှစ်အောက် ကလေးငယ် လေးဦး သေဆုံးကာ တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် မေလ ၈ ရက်နေ့ မနက်ပိုင်းတွင် ကျေးရွာအနီးရှိ တောစပ်တစ်နေရာတွင် ဆော့ကစားနေကြသည့် ကလေး ငါးဦးသည် တိုက်ပွဲတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို တွေ့ရှိဆော့ကစားကြနေရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကလေးတွေ ဆော့တဲ့နေရာက ရွာနဲ့သိပ်မဝေးဘူး။ ရွာအနား ပါဘဲ။ အဲ့နေရာက အရင် စစ်တပ် ဗျူဟာကုန်းနဲ့လည်း သိပ်မဝေးဘူး။ ရွာက ကလေးတွေ ဆော့နေကျ နေရာလည်းဖြစ်ပါတယ်။ ကလေးတွေက လက်နက်ကြီးကျည် ကောက်ထားရလို့ ဆော့ကစားရင်း အခုလိုပေါက်ကွဲမှု ဖြစ်သွားတာပါ။ လေးယောက်လုံးက တပြိုင်နက် သေဆုံးသွားပါတယ်။ တစ်ယောက်က ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရပါတယ်” ဟု ခဝဲကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် (၁၀) နှစ်အရွယ် မောင်အောင်မင်းထွန်း၊ မောင်အောင်လင်းစိုး၊ အသက် ရှစ်နှစ်အရွယ် မောင်အောင်လင်းထွန်း၊ မောင်လင်းမြတ် တို့သေဆုံးခဲ့ပြီး အသက် ရှစ်နှစ်အရွယ် မောင်အောင်စိုးလင်းသည် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည် တွေ့ရှိသည့် နေရာသည် ယခင်က စစ်ကောင်စီ၏ ခဝဲဗျူဟာကုန်း တပ်စခန်း တည်ရှိသည့် နေရာနှင့် နီးစပ်ပြီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားသည့် နေရာလည်းဖြစ်ကြောင်း သိရှိရသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ ဖြစ်ပွားသည့် မြို့၊ ရွာများတွင် စစ်ကျန်ပစ္စည်းနှင့် မြေမြှုပ်မိုင်းကြောင်း တစ်လတွင် အနည်းဆုံး အရပ်သား တစ်ဦးနှင့်အထက် ထိခိုက် သေဆုံးမှုရှိသည်။

ဓာတ်ပုံ- ပလက်ဝမြို့ကို တွေ့ရစဥ်။

#ချင်းပြည် #ပလက်ဝ #စစ်ကျန်ပစ္စည်း #ပေါက်ကွဲမှု #ကလေးလေးဦးသေဆုံး #Ayeyarwaddy_Times