ဧရာဝတီတိုင်းမ်
မေ ၁၀ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ တစ်ခုတည်းသာကျန်ရှိတော့သည့်စစ်ကောင်စီတပ်ရင်းကို ကချင်လွပ်လပ်ရေးတပ်မတော် KIAက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ မေ ၁၀ရက်နေ့တွင် စစ်ကောင်စီ၏ မိုးမောက်မြို့နယ် ခမရ ၄၃၇ကို KIAက ထိုးစစ်ဆင်တိုက်ခိုက်နေရာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများနှင့် အပြင်းအထန်ပစ်ခတ်နေပြီး KIAက စစ်ကောင်စီ၏ သံချပ်ကာကားတစ်စီးနှင့် စစ်သုံးယာဉ် သုံးစီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ခမရ ၄၃၇က မိုးမောက်မြို့ထဲမရှိဘူး။ မြို့ပြင်မှာပေါ့။ သူကျရင် မိုးမောက်မြို့နယ်ထဲ ဘာစစ်တပ်မှမရှိတော့ဘူး။စစ်တပ်က လေကြောင်းကနေတောက်လျှောက်ပစ်တယ်။ ကား လေးစီး ဖျက်ဆီးနိုင်ထားတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၈ရက်နေ့က မိုးမောက်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ ကား ၁၅စီးကို KIAက ကြားဖြတ်တိုက်ခိုက်နိုင်ပြီး ခုနှစ်စီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာပြီး ရှစ်စီးမှာ လက်နက်ခဲယမ်းနှင့် ရိက္ခာများဖြစ်ကြောင်း သိရသည်။

မေလပထမပတ်ကတည်းက မိုးမောက်မြို့ထဲရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့်ဌာနဆိုင်ရာများကို KIAကသိမ်းယူထားကာ မေ၈ရက်နေ့တွင် မိုးမောက်ဈေးအတွင်းနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့များ မြို့ကိုစွန့်ခွါကာ ခမရ ၄၃၇တပ်ရင်းအတွင်း သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဝိုင်းမော်၊ မိုးမိတ်၊ ဗန်းမော်၊ ဆွမ်ပရာဘွမ်တို့ရှိ စစ်ကောင်စီစခန်းများကို KIAက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#မိုးမောက် #ခမရ၄၃၇ #စစ်ကောင်စီ #KIA #တိုက်ပွဲပြင်းထန် #Ayeyarwaddy _Times