နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို အဓိကပေးနေသည့် ဖုန်းလိုင်းနှင့် အင်တာနက်များအား ထိုင်းအစိုးရက စတင်ဖြတ်တောက်နေပြီး လက်ရှိတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်နှင့် မယ်ထော်သလေး ကျေးရွာအနီးရှိ KK PARK မြို့သစ်စီမံကိန်းများ၌ အသုံးပြုခွင့် မရတော့ကြောင်း ‌ဒေသခံများထံက သိရသည်။

အဆိုပါနေရာများတွင် ရာဇ၀တ်မှုများ အရှိန်မြှင့် နှိမ်နင်းရန် ယမန်နေ့ မေ ၉ ရက်မှစတင်၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း၊ ကေဘယ်လိုင်းနှင့် Signal တို့ကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ အမျိုး သားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)ကလည်း သတင်းထုတ်ပြန်ထားသည်။

“လောလောဆယ်တော့ မြဝတီမှာ ထိုင်းဆင်းကတ်ရနေသေးတယ်။ ရွှေကုက္ကိုလ်မှာတော့ မနေ့ကတည်းက ထိုင်းဆင်းကတ်ရော၊ အင်တာနက်လိုင်းတွေရော မရတော့ဘူး။ သူတို့တွေ ဝိုင်ဖိုင်နဲ့ သုံးနေရတယ်။ နယ်စပ်နယ် နိမိတ် အကုန်ဖျက်တယ်လို့တော့ ကြားသိရတယ်” ဟု မြဝတီဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)သည် ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မြန်မာဘက်သို့ ပေးထားသော အင်တာနက်၊ ကေဘယ်ကြိုးလိုင်း ၆၉ လိုင်းကို သက်ဆိုင်သူများအနေဖြင့် ၁၅ ရက်အတွင်း ဖြတ်တောက်ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဒေသတဝိုက်ရှိ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများ လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအားလုံး ယခုလ မေ ၁ ရက်မှ လာမည့် အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာကြရန် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကလည်း သတိပေးစာ ထုတ်ပြန် ထားသည်။

ကရင်ပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မုတ်သုန်နှင့် ဗိုလ်မှူး တင်ဝင်းတို့ အဓိကပါဝင်နေသလို အဆိုပါလုပ်ငန်းများသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ထရီလီယံအထိ အကျိုးအမြတ်ရနေကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ် နှင့် KK Park မြို့သစ်စီမံကိန်း
#ထိုင်းမြန်မာနယ်စပ် #ကျားဖြန့်လုပ်ငန်းများ #ဖုန်းလိုင်း #အင်တာနက်များဖြတ်တောက် #Ayeyarwaddy_Times