ဧရာဝတီတိုင်းမ်
မေ ၁၀ရက်

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဖုန်ကျန်းကျေးရွာတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းမှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွါထွက်ပြေးကြကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ရက်နေ့တွင် ကချင်လွပ်လပ်ရေးတပ်မတော် KIA က ဖုန်ကျန်းစစ်ကောင်စီစခန်းကို လာရောက်တိုက်ခိုက်စဉ်တွင် ၎င်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မေ ၈ရက်နေ့ ညပိုင်းကတည်းက ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သိရသည်။

“စခန်းလာရှင်းတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ယောက်မှ မရှိတော့ဘူး။ အဲဒါနဲ့ စခန်းကို မီးရှို့ ရှင်းလင်းခဲ့ပါတယ်။ သူတို့ကို ထွက်သွားဖို့ သတိပေးထားတယ်။အဲဒါကြောင့် ထွက်ပြေးသွားတာလည်းဖြစ်နိုင်တယ်။ လူနည်းနေလို့ ပူတာအိုဘက် သွားပူးပေါင်းတယ်လို့လည်း ထင်ပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖုန်ကျန်းစ‌စ်ကောင်စီစခန်းသည် ဖုန်ကျန်းကျေးရွာတံတားထိပ်တွင် တပ်စွဲထားသည်မှာ နှစ်ပေါင်း ၃၀ခန့်ရှိပြီဖြစ်ပြီး ယခုအခါတွင် အင်အား ၃၀ခန့်သာရှိတော့ရာ ပူတာအိုရှိ စစ်ကောင်စီစခန်းများထံသွားရောက်ပူးပေါင်းကြောင်း သိရသည်။

၎င်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေအတွင်းမှထွက်သွားရန် သို့မဟုတ် လက်နက်ချအညံ့ခံရန် KIAက သတိပေးထားခြင်း ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် မေ ၅ရက်နေ့ကလည်း ဆွမ်ပရာဘွမ်ရှိ ခလရ ၄၆ဗျူဟာကို KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်ရက်တည်းတွင်ပင် ဆွမ်ပရာဘွမ်စခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂဘွမ်၊ ဂမ်ဂယာ၊ အင်ခရမ်၊ ငါ့ဂယာန်၊ လိုင်ဖောင်၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုးစခန်းများအပါအဝင် စခန်း ၁၂ခုကို KIAက သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီက ယမန်နေ့ မေ ၉ရက်နေ့တွင် အင်အား ၁၀၀ကျော်ပါသည့်စစ်ကြောင်းဖြင့် ပူတာအို ဘက်မှနေ၍ လုံရှာယန်နှင့် တန်ဂျာကျေးရွာများကို ဝင်ရောက် စစ်ကြောင်း ထိုးခဲ့ကြောင်း သိရသည်။

#ဆွမ်ပရာဘွမ် #စစ်ကောင်စီ #ဖုန်ကျန်းစခန်း #စခန်းစွန့်ခွါပြေး #Ayeyarwaddy_Times