
ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့မြောက်ဘက် ၂ မိုင်အကွာရှိ တောင်တံငါကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အထိုင်စခန်းငယ်ကို ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် MPDF မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိသည့်စာရွက် စာတမ်းများအရ သေဆုံးသည့် ဗိုလ်ကြီးမှာ ဗိုလ်ကြီးချစ်ခိုင် (ကြည်း) ဖြစ်ကြောင်း သိရပြီး ၎င်းကိုင် ဆောင်သည့် ပစ္စတိုသေနတ်မှာလည်း ကလေး ကစားသည့် ပလတ်စတစ်ကော်စေ့သေနတ် ဖြစ်နေသည်ကို တွေ့ရသည်ဟု MPDF က ဆိုသည်။
ဝင်ရောက်တိုက်ခိုက်ခံရသည့် တောင်တံငါကျေးရွာ အထိုင်စခန်းငယ်သည် မတ္တရာမြို့မှ စဉ့်ကူးဘက်သို့ အထွက်တွင်တည်ရှိပြီး မတ္တရာမြို့နှင့် ရေနံသာကျေးကွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံနေသည့် စစ်ကောင်စီစခန်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲတွင် ဗိုလ်ကြီးချစ်ခိုင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၂ လောင်းနှင့် Drone Jammer တစ်လက်၊ လက်နက်ခဲယမ်းအများအပြားတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ထွက်ပြေးသူ အများအပြားရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်းတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- MPDF
#မန္တလေး #မတ္တရာတိုက်ပွဲ #စစ်ကောင်စီ #ဗိုလ်ကြီးချစ်ခိုင် #၁၂ ဦးသေဆုံး #ကော်စေ့သေနတ် #Ayeyarwaddy_Times