
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ မေ ၁၀ ရက်
ကရင်နီပြည်တွင် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နှင့် အပေါင်းအပါ ငါးဦးကို လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ပြီးခဲ့သည့် မေ ၈ ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ထံက သိရသည်။
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒုပါမောက္ခချုပ် ဒေါ်သီတာ၊ စီမံမှူး ဒေါ်လှလေးမြင့်၊ ဌာနမှူး ဒေါ်ယဉ်ယဉ်နိုင်၊ ပါမောက္ခဒေါ်မို့မို့ထွန်း တို့ ငါး ဦးကို ကြားကာလ တရားစီရင်ရေးဥပဒေ ပုဒ်မ(၃၂) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကရင်နီပြည်နယ်အတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ သူတို့ပြစ်ဒဏ်ကျခံနေတဲ့ကာလအတွင်းမှာ တစုံတရာသောစည်းကမ်းဖောက်တာ ပြစ်မှုကျူးလွန်တာမရှိဘူးပေါ့နော်။ ပြီးတော့တစ်ဖက်မှာလည်း သူတို့ကအသက်ကြီးပြီးတော့မှ ကျန်းမာရေးအခြေအနေအရကလည်း မကောင်းတဲ့အနေအထားမျိုးမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာတွေကိုထောက်ချင့်ပြီးတော့မှ လူသာချင်းစာနာထောက်ထားသောအားဖြင့် လွတ်ငြိမ်းခွင့်ပြုသင့်တယ်ဆိုတဲ့ အများရဲ့ ဆုံးဖြတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်” ဟု IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ လက်အောက်ရှိ လွတ်ငြိမ်းခွင့် နှင့် ကြီးကြပ်စစ်ဆေးရေး ဘုတ်အဖွဲ့မှ လွတ်ငြိမ်းသင့်သည့်သူများကို စီစစ်ကာ IEC တာဝန်ရှိသူများထံ တင်ပြပြီးနောက် စစ်ဆေးတင်ပြမှုအပေါ် မူတည်ကာ လွတ်ငြိမ်းခွင့် ပြုသင့် မပြုသင့်ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်းလည်း IEC ထံက သိရသည်။
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်နှင့် အပေါင်းအပါများကို ကရင်နီပြည် ရဲဌာနမှ တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မတရား အသင်းဆက်သွယ်မှု ဥပဒေ ၁၇/၁ အရ ထောင်ဒဏ် နှစ်နှစ်နှင့် ငွေဒဏ် ကိုးသိန်းစီ စီရင်ချက်ချမှတ်ခြင်းခံခဲ့ရပြီးနောက် သုံးလ နီးပါးအကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – IEC
#ကရင်နီ #လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် #NonCDMဝန်ထမ်း #ပြစ်ဒဏ်လွတ်ငြိမ်း #IEC #Ayeyarwaddy_Times