
ဧရာဝတီတိုင်းမ်
(ဆော)၊ မေ ၉ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ အကြည်ပန်းပလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ယနေ့ မေ ၉ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီမှ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာဘုန်းကြီးကျောင်းအတွင်း ယာဉ်မောင်းများစုဝေးကာ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက မီးလောင်ဗုံးဟုယူဆရသည့် ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော်များအပါအဝင် ဒေသခံ ၂၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူ ၄၀ ဝန်းကျင်ရှိကြောင်း ဒေသခံများထံကသိရသည်။
“အတိအကျ အတည်မပြုနိုင်သေးပါဘူး။လောလောဆယ် အလောင်း၂၀တော့ တွေ့ပြီပြောပါတယ် ဒဏ်ရာရကတော့ ၄၀ ဝန်းကျင်နှင့် ပျောက်ဆုံးတွေရှိနေတာမို့ အတိအကျ မသိရသေးပါဘူး။မီးလောင်ဗုံးနဲ့ ကြဲတာလို့သိရပါတယ်။ အစည်းဝေးတစ်ခုရှိတယ်။ ဘာကြောင့် ဗုံးကြဲလဲဆိုတာ စုံစမ်းဆဲပါ” ဟု ဆောမြို့နယ် လူသားစာနာတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်းတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ရကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်နေကြောင်း ဒေသခံများထံကသိရသည်။
ဘုန်းကြီးကျောင်းအတွင်း ယာဉ်မောင်းသမားများမှ စုပေါင်းအစည်းအဝေးလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသော်လည်း စစ်ကောင်စီလက်အောက်ခံ စစ်လော်ဘီများကမူ PDF ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားပြောဆိုထားကြသည်။
စစ်ကောင်စီသည် မြေပြင်စစ်ရေးအရ ထိန်းချုပ်နိုင်ခြင်းမရှိသည့် ဒေသများတွင် ဒေသခံများစုဝေးမှုများကို တော်လှန်ရေးတပ်ဖွဲ့များဟု ခေါင်းစဉ်တပ်ကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
ယမန်နှစ် ဧပြီလ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အလှူအတန်းပြုလုပ်ကာ ကျွေးမွေးနေစဉ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၆၈ ဦးအထိရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#မကွေး #ဆော #ကျောက်ထု #ဘုန်းကြီးကျောင်း #မီးလောင်ဗုံးကြဲ#ဒေသခံများသေဆုံး #Ayeyarwaddy_Times