
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၉ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်ကောင်စီ တပ်က လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ် ဦးသေဆုံးပြီး ခြောက် ဦးခန့်ဒဏ်ရာရရှိရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပဲဒက်စခန်းသိမ်းပြီးနောက် တိုက်ပွဲများအပြီး မေ ၈ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီသည် လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ လေယာဉ်များသည် ကနက်သီရီကျေးရွာ လယ်ကွင်းစပ်မှနေ၍ စက် သေနတ်များဖြင့် ပစ်ခတ်လာခဲ့ပြီး ကျေးရွာစာသင်ကျောင်းအနီးရောက်တွင် ဗုံးသီးများ ကြဲချခဲ့ခြင်းဖြစ်သည်။
“လေယာဥ် နဲ့ဗုံးကြဲချလို့ စာသင်ကျောင်းဘေးက ဘောလုံးကွင်းနားကို ကျတယ်။ အဲဒီဘောလုံးကွင်းအနားမှာ ကဘောလုံးကစားနေတဲ့ ကလေးတွေရှိတယ်လေ။ ပေါင် ငါးရာဗုံးတွေကြဲချတာ။ ကလေးတွေကလည်း အဲလိုဗုံးကြဲချမယ်လို့ ဘယ်ထင်ပါ့မလဲ။ လေယာဥ်ပေါ်ကကြဲချတဲ့ ဗုံးစထိမှန်ပြီး ကလေး နှစ်ယောက်သေသွားတယ်။ ခြောက်ယောက်က ဒဏ်ရာရသွားတယ်” ဟု ကနက်သီရိရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနက်သီရိကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်စိုးသူ နှင့် မောင်ဟိန်းပြည့်ဖြိုးတို့ သေဆုံးခဲ့ရပြီး လူငယ်ခြောက်ဦးမှာလည်း အပြင်း အထန်ဒဏ်ရာများရရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်က ကနက်သီရိကျေးရွာနှင့် ရွာချင်းကပ်လျှက်ရှိသော ရငဲ ကျေးရွာရှိ ရငဲကျေး ရွာတိုက်နယ်ဆေးရုံကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် ဆေးရုံ တစ်ခုလုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ရငဲကျေးရွာရှိ ဒေသခံများထံက သိရသည်။
” လေယာဥ်နဲ့ ဗုံးကြဲလို့ရငဲ တိုက်နယ်ဆေးရုံကြီး တစ်ခုလုံးပြိုကျပျက်စီးသွားပါပြီ။ စစ်ကောင်စီတပ်က အရမ်းယုတ်မာတာပဲ့။ ဒါက ပြည်သူတွေ ဆေးကုလို့မရ အောင် ဆေးရုံကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာပဲ့။အခုက အနီးအနား ရွာတွေက ဒေသခံများကလည်း ဘေးလွတ်ရာကို ရှောင်တိမ်းပြီးနေနေကြရသည်”ဟု ရငဲရွာက ဒေသခံအမျိုးသမီးတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က လေယာဥ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ်ထဲက ရွာတွေဖြစ်တဲ့ ရငဲရွာ ၊ ကျွဲမင်းကုန်းရွာ ၊ ကျောက်ခမောက်ရွာ ၊ကနက်သီရိရွာ မှ ဒေသခံပြည်သူများက ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-စစ်ကောင်စီတပ်က လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော လူငယ် နှစ်ဦးနှင့် ပျက်စီးဆုံးရှုံးသွားသော ဆေးရုံ။
#ပဲဒက်စခန်းသိမ်းတိုက်ပွဲ #ကနက်သီရိရွာ #စစ်ကောင်စီ #လေယာဉ်ဖြင့်ဗုံးကြဲ #လူငယ်၂ဦးသေဆုံး #၆ဦးဒဏ်ရာရ #Ayeyarwaddy_Times