
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့အတွင်းရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားရာ နေရာများမှ စစ်ကောင်စီတပ်သားများ မြို့အတွင်းမှထွက်ပြေးသွားကြကြောင်း သိရသည်။
မိုးမောက်မြို့အတွင်း နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီတပ်သားများသည် ယမန်နေ့ မေ ၈ရက် ညနေပိုင်းတွင် မြို့ကိုစွန့်ခွာထွက်ပြေးသွားကြသည့်အတွက် ကချင်လွတ် လပ်ရေးတပ်မတော် (KIA) က မိုးမောက်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
“မနေ့ကတည်းက တိုက်ပွဲပြင်းထန်နေတာ။ မနေ့က မြို့ထဲက ရဲစခန်းကို ဝင်တိုက်တယ်။ ဒီနေ့ညနေမှာ စစ်သားတွေအကုန် မြို့ကထွက်ပြေးသွားကြပြီ” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုးမောက်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးစွန့်ခွာသွားကြသော်လည်း မိုးမောက်မြို့ပြင်တွင် စစ်ကောင်စီ၏ ခမရ-၁၄၇တပ်ရင်း တစ်ခု ကျန်ရှိနေသေးကြောင်း သိရသည်။
KIA သည် မေ ၇ ရက် တစ်ရက်တည်းတွင်ပင် ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်နှင့် မံစီမြို့နယ်တို့မှ စင်းခန်းဧရာဝတီမြစ်ကူးတံတားစောင့်စခန်း၊ တာဝါတိုင်စခန်း၊ ခလရ-၅၆ ၊ ခလရ-၁၀ ၊ ဗန်းမော်တာဝါတိုင်စခန်း၊ ဝိုင်းမော် မုန်ကာဇွပ်လောဖြူး၊ ဖော့ဒေါ့စခန်း၊ စင်းခန်းစစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူး တံတား လုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေစခန်းတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော ဆမားနှင့် ရှစ်နှစ်ကြာ သိမ်းယူထားသည့် ဂီဒုန်စခန်းကြီးတို့ကို KIAက သိမ်းယူနိုင်ခဲ့သည်။
ထို့အပြင် မေ ၅ရက်နေ့ကလည်း ဆွမ်ပရာဘွမ်စခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂဘွမ်၊ ဂမ်ဂယာ၊ အင်ခရမ်၊ ငါ့ဂယာန်၊ လိုင်ဖောင်၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုး စခန်းများအပါအဝင် စခန်း ၁၂ခုကို KIAက သိမ်းပိုက်ခဲ့သည်။
#ကချင် #မိုးမောက် #စစ်ကောင်စီ #မြို့မှထွက်ပြေး #KIA #ဝိုင်းပတ်ပိတ်ဆို့ #Ayeyarwaddy _Times