ဧရာဝတီတိုင်းမ်
မေ ၉ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဥပဒေအရ သင်တန်းဒုတိယပါတ်ပါ၀င်သူများကို မြို့နယ်မှနေအိမ်များသို့ တိုက်ရိုက်ဆင့်ခေါ်စာပေးရာတွင် လာရောက်မှုမရှိသော နေရာများကို စစ်တပ်အင်အားဖြင့် လာရောက်ခြိမ်းခြောက်နေကြောင်းသိရသည်။

“ခု ဒုတိယအသုတ်က မြို့နယ် က တိုက်ရိုက် ခေါ်တာ ရွာအုပ်ချုပ်ရေးမှူးတွေက စာပို့ပေးရတာ အရင်လိုမဲနိူက်တာတွေ၊ လူစားထိုးတာတွေမရတော့ဘူးပြောတယ် စာရောက်တဲ့ အိမ်ကလူငယ်တွေက ရှောင်သွားကြတာများတယ် အဲ့တော့ စစ်တပ်ကရောက်လာပြီး အိမ်တွေကိုစစ်တာဆေးတာတွေလုပ်ပြီး ရွာကို ဒုက္ခလာပေးပြန်ရော “ဟု ဧရာ၀တီတိုင်းအတွင်းကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။

မေလ အစပိုင်းက ပုသိမ်မြို့နယ် ရွာသစ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းရန် လာရောက်ခြင်းမရှိသောကြောင့် စစ်ကောင်စီတပ်သားများမှ နေအိမ်များကို၀င်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြသည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင်လည်း စစ်မှုထမ်းရန် ရောက်ရှိမလာသောကြောင့် စစ်ကောင်စီတပ်သား ၃၀ခန့်ရောက်ရှိလာပြီး နေအိမ်များကိုစစ်ဆေးကာ မိဘများကို အတင်းလတ်မှတ်ထိုးခိုင်းခြင်းများပြုလုပ်သွားကြောင်း ဒေသခံများထံမှသိရှိရသည်။

တိုင်းအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်သင်တန်းဒုတိယသုတ်အတွက် လူခေါ်ယူရာတွင် ထွက်ပြေးမည်စိုးသဖြင့် တစ်ချို့အုပ်ချုပ်ရေးမှူးများကလည်းအစည်းအဝေးခေါ်ကာ စစ်တပ်ဖြင့်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

#ဧရာ၀တီတိုင်း #စစ်မှုထမ်းရန် #ဆင့်ခေါ်စာပေးပြီး #မလာသည့်ကျေးရွာများကို #စစ်ကောင်စီတပ် #အင်အားပြခြိမ်းခြောက် #Ayeyarwaddy_Times