နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၉ ရက်

မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင် အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည် ဖော်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းထားကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ပြန်တမ်းအရ သိရသည်။

စစ်ကောင်စီသည် နျူကလီးယား စွမ်းအင်နှင့် ပတ်သက်၍ အကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်ရေးအတွက် ဦးဆောင်မှုပေးရန်၊ လိုအပ်သည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန် စသည်တို့ကို ရည်ရွယ်၍ အမျိုးသားအဆင့် ဦးဆောင်ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

ယင်းအမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင် ကော်မတီတွင် စစ်ခေါင်းဆောင်က ဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်များဖြစ်သော ကာကွယ်ရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီး အပါအဝင် အဖွဲ့ဝင် (၁၄) ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ထိုဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် အချက် ခြောက်ချက်ကို ထည့်သွင်း ထားပြီး နျူကလီးယားအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေလိုအပ်ချက် သတ်မှတ်ရေးနှင့် နျူကလီးယား စီမံကိန်းအတွက် ဘဏ္ဍာငွေရရှိနိုင်မည့် အရင်း အမြစ်များ ရွေးချယ်သတ်မှတ်ရေးတို့ကို ဦးဆောင်ရန် ဆိုသောအချက်လည်း ပါဝင်ကြောင်း တွေ့ရှိရသည်။

ထို့အတူ စစ်ကောင်စီသည် နျူကလီးယား စွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီတွင်မူ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်နှင့် ယင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အဏုမြူစွမ်းအင် ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်တို့ကို အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားကြောင်း သိရသည်။

ယင်းလုပ်ငန်းကော်မတီသည် စစ်ခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဦးဆောင်ကော်မတီမှ ညွှန်ကြားသည့် လုပ်ငန်းများကို အကောင်အထည် ဆောင်ရွက် ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို တာဝန်ယူ ဆောင်ရွက်နိုင်ရန် ရည်ရွည်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ကြုံတွေ့ ရင်ဆိုင်နေရသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ တည်မြဲရေးအတွက် တရုတ်နှင့် ရုရှားနိုင်ငံကိုအဓိကအားကိုးနေသလို ရုရှားဆီမှ နျူကလီးယားနည်းပညာရရှိရေး၊ စစ်ရေး၊ စီးပွားရေးအပါအဝင် အလုံးစုံမျှော်လင့် နေကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများသည် အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် ယူကရိန်း ကျူးကျော်စစ် ဖြစ်လာချိန်တွင် ယခင်ကထက် ပိုမိုစိပ်လာသကဲ့သို့ စစ်ကောင်စီသည် တရုတ်ထက် ရုရှားကို ပိုအားကိုးလာကြောင်း စောင့်ကြည့်လေ့လာ သူများက သုံးသပ်ကြသည်။

ယင်းအပြင် လေကြောင်းတိုက်ရိုက် ပျံသန်းမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ နျူကလီးယား နည်းပညာ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာ ထုတ်လုပ်ရေး၊ ကုန်သွယ်မှုနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ စသည်တို့ကိုလည်း နှစ်နိုင်ငံအကြား တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“စစ်တပ်က အရင်ကလည်း နျူကလီးယား စွမ်းအင်ကို စစ်ဘက်မှာ သုံးဖို့အတွက် ကြိတ်ပြီးတော့ ကြိုး စားခဲ့တာရှိတယ်။ အခုတစ်ခေါက် ပြန်ကြိုးစားမှုမှာလည်း ရှေ့မှာတော့ ငြိမ်းချမ်းတဲ့နယ်ပယ်မှာ သုံးမယ်လို့ပြောတယ်။ သို့သော်လည်း နောက်ကွယ် မှာ စစ်ရေးအရ သုံးနိုင်တဲ့ အဆင့်ရောက်ဖို့ သူတို့ လုပ်မယ် မလုပ်ဘူး ဆိုတာရယ်၊ နောက်ရုရှားက ထောက်ပံ့မယ်၊ မထောက်ပံ့ဘူးဆိုတာရယ်ကို ရှင်းရှင်း လင်းလင်း မသိရဘူး” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)နှင့် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ် အပါအဝင် နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီး လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ ‌ထွက်ပေါ်လာရန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အတူ စစ်ခေါင်းဆောင်သည် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ပထမဆုံး နျူကလီး ယားနည်းပညာ သတင်းအချက်အလက် စင်တာတစ်ခုကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့က ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့သလို ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev လည်း တက်ရောက်ခဲ့သည်။

ထို့ပြင် စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရုရှား ဒုနိုင်ငံခြား ရေးဝန်ကြီးနှင့်တွေ့ဆုံရာတွင် နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက် ဆွေးနွေးခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာအရ သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရုရှား ဒုနိုင်ငံခြား ရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင်တွေ့ဆုံစဉ်
ပုံစာ- ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပြုလုပ်သည့် နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနား
#Ayeyarwaddy_Times