ဧရာဝတီတိုင်းမ်
(သရက်ချောင်း)၊ မေ ၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရေး-ထားဝယ် အဝေးပြေး လမ်းမကြီးပေါ်ရှိ ပဲဒက်ကျေးရွာ စစ်ကောင်စီတပ်စခန်း နှင့် ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်း တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မေ ၅ ရက်နေ့မှ စတင်ကာ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

လေးရက်တာ တိုက်ခိုက်မှုအပြီး ယမန်နေ့ မေ ၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်သား၊ ရဲ နှင့် ပျူစောထီး အင်အား ၄၀ ကျော်ရှိ ပဲဒက်ကျေးရွာစစ်ကောင်စီစခန်းကို စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းကိုမူ ဆက်လက်တိုက်ခိုက် နေကြောင်း သိရသည်။

ပဲဒက်ကျေးရွာစစ်ကောင်စီစခန်းသိမ်း တိုက်ပွဲအတွင်း စစ်‌ကောင်စီ တပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးခဲ့ပြီး ၂၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ ၃၀ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်း ဆည်းရမိခဲ့ကြောင်း တနင်္သာရီတိုင်း စစ်ဌာနထံက သိရသည်။

“ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းကိုတော့ ဆက်လက်တိုက်ခိုက်နေတုန်းပါ။ ပဲဒက် ကျေးရွာ စစ်ကောင်စီစခန်းကနေ မမိသေးပဲထွက်ပြေးနေတဲ့သူတွေလည်း ရှိပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေထဲမှာ‌တော့ ရာထူးအစုံပါတယ်။ ဒီစခန်းက စစ်‌ရေးအရအရေးပါတဲ့ စခန်းလည်းဖြစ်တယ်။ လက်ရှိမှာ စစ်ကောင်စီက ရေကြောင်းကနေရော၊ ကုန်းကြောင်းကနေရော စခန်းကိုပြန်ရဖို့ အင်အားဖြည့် တိုက်ခိုက်နေတာရှိပါတယ်” ဟု တနင်္သာရီတိုင်းစစ်ဌာနမှ ရဲဘော်ဂျိုကာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စခန်းသိမ်း တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီးပစ်ကူများ၊ ရဟတ်ယာဥ်၊တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဗုံးသီး အလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့မှ တော်လှန်ရေးရဲဘော် နှစ် ဦး ကျဆုံးခဲ့ရပြီး ခြောက် ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထားဝယ် ခရိုင်အမှတ်(၁)၊ (၂) တပ်ရင်း၊ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ Saw Dragon ဒရုန်းတပ်ဖွဲ့၊ ဒေါနဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့၊ မဟာမိတ် ပူးပေါင်းအဖွဲ့များဖြစ်သော KNLA တပ်မဟာ-၆၊ တပ်ရင်း-၂၇၊ တပ်မဟာ-၄၊ တပ်ရင်း-၁၂၊ ဖယ်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်း နှင့် ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တို့ပူပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး
#ထားဝယ်ခရိုင် #သရက်ချောင်း #ပဲဒက်စစ်ကောင်စီစခန်း #ကျောက်ဆည်ပျူစောထီးစခန်း #စခန်းသိမ်းတိုက်ပွဲ #တပ်သားအရှင်ဖမ်းမိ #Ayeyarwaddy_Times