
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းရှိ ဒဘက်ချောင်းကူးတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရွှေညောင်ပင်အခြေစိုက် ခလရ ၃၂၁မှ စစ်ကောင်ဏီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မေ ၈ရက် ညပိုင်းက ရောက်ရှိလာပြီး မြစ်ကြီးနား- ဗန်းမော်လမ်းပေါ်ရှိ ဒဘတ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဒဘတ်ချောင်းကူးတံတားသည် အရှည် ပေ ၁၀၀ ကျော်ရှိပြီး ဒေသအတွက် ကူးသန်းသွားလာရေးတွင် အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
“တံတားတစ်ဖက်မှာက သူတို့ စစ်စခန်းရှိတယ်လေ။ KIA က အဲဒီ့ဘက်ကူးလာပြီး လာတိုက်မှာစိုးလို့ တံတားချိုးတယ်ပြောတယ်။ မိုင်းခွဲတာပါ။ အသံအကျယ်ကြီးကြားပြီး အိမ်တွေတောင်တုန်ကုန်တယ်” ဟု ဝိုင်းမော်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝိုင်းမော်ရှိ စစ်စခန်းများကို KIAက သိမ်းပိုက်တိုက်ခိုက်ထားသည့်အတွက် စစ်ကောင်စီက လက်ကျန် တပ်ရင်းနှင့် စခန်းများတွင်စုနေပြီး ၎င်းတို့ဘက်သို့ကူးမလာစေရန် ယခုကဲ့သို့ တံတားများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KIA သည် ယမန်နေ့ ဧပြီ ၈ရက် ညနေပိုင်းတွင် မိုးမောက်မြို့ရှိ စစ်ကောင်စီ၏ ခလရ -၄၇ မှလွဲ၍ မိုးမောက်တစ်မြို့လုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် မေ ၇ရက် တစ်ရက်တည်းတွင်ပင် ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်နှင့် မံစီမြို့နယ်တို့မှ စင်းခန်းဧရာဝတီမြစ်ကူးတံတားစောင့်စခန်း၊ တာဝါတိုင်စခန်း၊ ခလရ ၅၆၊ ခလရ ၁၀ ၊ ဗန်းမော်တာဝါတိုင်စခန်း၊ ဝိုင်းမော် မုန်ကာဇွပ်လောဖြူး၊ ဖော့ဒေါ့စခန်း၊ စင်းခန်းစစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတားလုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေစခန်းတို့ကို KIAက သိမ်းယူနိုင်ခဲ့သည်။
မေ ၆ရက်နေ့ကလည်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော ဆမားနှင့် ရှစ်နှစ်ကြာ သိမ်းယူထားသည့် ဂီဒုန်စခန်းကြီးတို့ကို KIAက သိမ်းယူနိုင်ခဲ့သည်။
ထို့အပြင် မေ ၅ရက်နေ့ကလည်း ဆွမ်ပရာဘွမ်စခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂဘွမ်၊ ဂမ်ဂယာ၊ အင်ခရမ်၊ ငါ့ဂယာန်၊ လိုင်ဖောင်၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုးစခန်းများ အပါအဝင် စခန်း ၁၂ခုကို KIAက သိမ်းပိုက်ခဲ့သည်။
ပုံစာ- မိုင်းခွဲခံရသည့် ဒဘက်ချောင်းကူးတံတား
#မြစ်ကြီးနားဗန်းမော် #ဝိုင်းမော်မြို့နယ် #ဒဘက်ချောင်းကူးတံတား #စစ်ကောင်စီ #မိုင်းခွဲဖျက်ဆီး #Ayeyarwaddy_Times