ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ မေ ၉ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ မြို့နှင့်ကျေးရွာများတွင် တိုက်ပွဲဖော် ဆောင်ခြင်း မပြုပဲ ရှောင်ရှားပေးရန် ဒေသခံ ဘာသာရေးခေါင်းဆောင်နှင့် ရပ်မိရပ်ဖများက တောင်းဆိုလိုက်ကြောင်း ဒေသခံများထံက သိရသည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးကို နှောင့်နှေးစေလိုသည့် သဘောထား လုံးဝ မဟုတ်ဘဲ လူသားစာနာထောက်ထားမှု ရှုထောင့်တစ်ခုတည်းမှ ရှုမြင်ပြီး ဒေသခံ ဘာသာရေးခေါင်းဆောင်နှင့် ရပ်မိရပ်ဖများက တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

“တိုက်ပွဲကြောင့် ပြည်သူတွေ အသက် အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ဒါတွေကို ရှောင်ရှားပေးဖို့နဲ့ မြို့ရွာတွေမှာ တိုက်ပွဲမဖော်ဖို့ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ပြုလုပ်တဲ့ အစည်းဝေးမှာ ဘာသာရေးဆရာတွေ၊ ရပ်ဖိရပ်ဖတွေက တောင်းဆိုလိုက်တာပါ “ဟု တွန်းဇံမြို့မှ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို မိန့်ကြားထားသည်။

ထို့သို့ အများပြည်သူ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုကို အဓိက ဖြစ်ပေါ်စေသော လက်နက်စွဲကိုင် တိုက်ခိုက်မှုမှန်သမျှကို အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများတွင် ဖော်ဆောင်ခြင်းမပြုလုပ်ရန်နှင့် ရှောင်ရှာပေးနိုင်ပါရန် ပြည်သူများ၏ ဆန္ဒအမှန်ကို တင်ပြအပ်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွန်းဇံမြို့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ရဲစခန်းအနီးဝန်းကျင်တွင် နေထိုင်သည့် နေအိမ် (၁၄) လုံးမှ ဒေသခံ ပြည်သူများသည် မေလ ၄ ရက်နေ့စ၍ အခြားဒေသသို့ တိမ်းရှောင်ထွက်ပြေး နေရကြောင်း သိရသည်။

“တွန်းဇံမြို့ထဲ တိုက်ပွဲဖြစ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ရဲစခန်းအနီးနားက ပြည်သူတွေက ပြီးခဲ့တဲ့ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတယ်။ မြို့ထဲက ဒေသခံ အချို့လည်း ထွက်ပြေးတိမ်းရှောင်မူတွေ ရှိနေတယ်။ မြို့ထဲမှာတော့ တိုက်ပွဲမဖော်ဆောင်စေချင်ဘူး။ တိုက်ပွဲကြောင့် ပြည်သူတွေ တည်ဆောက်ထားတဲ့ နေအိမ်တွေနဲ့ ပြည်သူတွေကို မထိခိုက်စေချင်ဘူး” ဟု တွန်းဇံမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တွန်းဇံမြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားတွင် တည်ရှိနေဆဲဖြစ်ပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်(တွန်းဇံ)၊ ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလန်း၊ ထာဒိုကာကွယ်ရေးတပ်(TDF)အပြင် ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)တို့ စစ်ရေးလှုပ်ရှားသည့် မြို့နယ်လည်းဖြစ်သည်။

အနောက်ဘက် တောင်ကြောစစ်ဆင်ရေးသည် အများပြည်သူ၏ အသက်အိုးအိမ်များကို ဖျက်ဆီးရန်မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းအပါများကို ရှင်းလင်း တိုက်ထုတ်ရန်ဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်(တွန်းဇံ)က ယမန်နေ့ မေလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#ချင်းတော်လှန်ရေးတပ်ဖွဲ့ #၅ဖွဲ့လှုပ်ရှားနေသည့် #တွန်းဇံ #တိုက်ပွဲဖော်ဆောင်ခြင်းမပြုလုပ်ရန် #ဒေသခံတောင်းဆို #Ayeyarwaddy_Times