ဧရာဝတီတိုင်းမ်
မေ ၉ ရက်

ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီကနေ လုပ်ငန်းလိုင်စင်ရ ယူထား သော ဧည့်လမ်းညွှန် ၅၈ ဦးအနေဖြင့် တစ်ပတ်အတွင်းဧည့်လမ်းညွှန် လိုင်စင်သက်တမ်း မတိုးပါက ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတိပေးထုတ်ပြန်သည်။

ခရီးသွားလုပ်ငန်းတိုးတက်ရေးလုပ်ဆောင်နေသည် ဆိုထားသည့် စစ်ကောင်စီက ဧည့်လမ်းညွှန်လိုင်စင်သက်တမ်း မတိုးရသေးသော ဧည့်လမ်းညွှန် ၅၈ ဦး၏ နာမည်နှင့်လိုင်စင်နံပါတ်များကို စစ်ကောင်စီ၏ သတင်းစာတွင် ထည့်သွင်းဖော် ပြထားသည်။

စစ်တပ်အာဏာသိမ်းထားပြီးနောက် ကမ္ဘာ့လှည့်ခရီးသွားများဝင်ရောက်မှုမရှိသလောက် နည်းပါးကာ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းအများစုရပ်ဆိုင်းသွားရကြောင်း ယင်းနယ်ပယ်အတွင်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီသည် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ သွားလာလည်ပတ်နိုင်ရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ပြင်ဦးလွင်၊ အင်းလေး၊ ကလော၊ တောင်ကြီးနှင့် ကမ်းခြေဒေသတို့အပါဝင် ခရီးစဉ်ဒေသ ၁၄ ခု သတ်မှတ်ထားသည်။

ရှမ်းပြည်နယ်သို့ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းခရီးသွား ၁၄ သိန်းကျော်နှင့် နိုင်ငံခြားခရီးသွားဧည့်သည် ခြောက်သောင်း ကျော် စုစုပေါင်းခရီးသွားဧည့်သည် ၁၅ သိန်းနီးပါးဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ယခင်က ရှမ်းပြည်နယ်ရှိခရီးသွားဒေသများထဲမှ အင်းလေးကန်ကို နိုင်ငံခြားသားခရီးသွား အများဆုံးလာရောက်ပြီး တောင်ကြီး၊ ကလောမြို့များသို့လည်ပတ်မှုများရှိသည်။

စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာစေရန်လုပ်ဆောင်နေပြီး နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်ကြရာတွင် လွယ်ကူအဆင်ပြေ စေရန်နှင့် မလိုလားအပ်သည့် အဟန့်အတားများ အတတ်နိုင်ဆုံး ဖြေလျှော့ပေးရမည်ဟု ပြောကြားထားသည်။

ထို့ပြင် ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များက ခရီးသွားပြပွဲများတွင် ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်များ ခေါ်ယူသင့်ကြောင်း၊ ထူးခြားသည့် ရာသီပွဲတော်များ ရှာဖွေဖော်ထုတ်မြှင့်တင်ခြင်း၊ ပြည်တွင်း ပြည်ပမီဒီယာများဖြင့် ရိုက်ကူး လွှင့်တင်ခြင်း များဆောင်ရွက်သင့်ကြောင်း ၎င်းက အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီက ထိုသို့ပြောကြားထားသော်လည်း အမျိုုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(EROs)များသည် နယ်စပ်ကုန်သွယ်ရေးမြို့ ငါးမြို့ အပါအဝင် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၆၀ ကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က NUG သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ၁၀ လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – MOI
#ရှမ်းပြည်နယ် #သက်တမ်းမတိုးသည့်ဧည့်လမ်းညွှန်များ #လိုင်စင်သိမ်းခံရမည် #ခရီးသွားလုပ်ငန်းတိုးတက်ရန် #စစ်ကောင်စီပြင်ဆင် #Ayeyarwaddy_Times