ဧရာဝတီတိုင်းမ်
(ချင်း)၊ မေ ၉ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် လေပြင်းမုန်တိုင်း တိုက်ခိုက်၍ ပျက်စီးသွားသည့် မြန်မာစစ်ဘေးရှောင် နေအိမ်များနှင့် စာသင်ကျောင်းများ အသစ်ပြန်လည်တည်ဆောက်ရန်အတွက် အကူညီများ လိုအပ်လျက်ရှိကြောင်း မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင် တာဝန်ရှိသူများထံက သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၂ ရက်နေ့ညက တိုက်ခိုက်သည့် လေပြင်းမုန်း တိုင်းကြောင့် စစ်ဘေးရှောင် နှစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး ခရိုင် ခုနှစ်ခုမှ မြန်မာစစ်ဘေးရှောင် နေအိမ် (၉၈) လုံး၊ အမျိုးသားညီညွတ်ရေး အစိုးရ စာသင်ကျောင်း ရှစ်ဆောင်နှင့် ဇရပ် တစ်ဆောင် တို့ ပျက်စီးသွားခြင်းဖြစ်သည်။

“မီဇိုရမ်မှာ ဒီတစ်ခေါက် တိုက်တဲ့ မုန်တိုင်းက မိုခါမုန်တိုင်းထက်ပြင်းတယ်။ အပျက်စီးကလည်း အရမ်းများတယ်။ စစ်ဘေးရှောင်တွေရဲ့ နေအိမ်၊ စာသင်ကျောင်းတွေ အများကြီး ပျက်စီးသွားတယ်။ စစ်ဘေးရှောင် နေအိမ်တွေ၊ စာသင်ကျောင်းတွေ အသစ်ဆောက်ဖို့ ငွေကြေးတွေ၊ အမိုးအကာတွေ အကူညီလိုအပ်တယ်၊ ကျန်းမာရေး အကူညီတွေလည်း လိုအပ်တယ်။ အဖွဲ့စည်းတွေ၊ အလှူရှင်တွေက လှူဒါန်းတာတွေ သိပ်မရှိသေးဘူး။ ဒါကြောင့် အကူညီတွေ လိုအပ်နေတယ်” ဟု မီဇိုရမ်ပြည်နယ် မတူပီချင်း စစ်ဘေးရှောင်ဒုက္ခသည်လူမှု အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ လေပြင်းမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သား နှစ်ဦးအနက် တစ်ဦးအတွက် ဆေးကုသစရိတ် အထောက်အပံ့ လိုအပ်နေပြီး ထိခိုက်ပျက်စီးသွားသည့် စစ်ဘေးရှောင် နေအိမ်များနှင့်စာသင်ကျောင်းများ အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ငွေကြေးနှင့် အမိုးအကာများ အကူညီများလိုအပ်နေကြောင့် မီဇိုရမ်ပြည်နယ် ပလက်ဝချင်း စစ်ဘေးရှောင်တာဝန်ရှိထံက သိရသည်။

“ဆိုက်ဟားခရိုင် လုံပုတ် စစ်‌ဘေးရှောင်က နေအိမ်တွေနဲ့ စာသင်ကျောင်း နှစ်ဆောင်၊ ဇရပ် တစ်ဆောင်ပျက်စီးသွားပါတယ်။ စစ်ဘေးရှောင်ထဲက အရပ်သားနှစ်ဦးလည်း သစ်ပင်ပိလို့ တစ်ဦးက ပြင်းထန်ဒဏ်ရာရသွားပြီးတော့ ဆေးကုသစရိတ်လည်း အကူညီလိုအပ်တယ်။ အခုလောဆယ် စစ်ဘေးရှောင် နေအိမ်တွေ၊ စာသင်ကျောင်းတွေ ပြန်ဆောက်ပေးချင်တယ်။ အဲ့ဒီအတွက် အကူညီတွေ လိုအပ်နေပါတယ်” ဟု ပလက်ဝချင်း စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မေလ (၂) ရက်နေ့တွင် တိုက်ခိုက်သည့် လေပြင်းမုန်းတိုင်းကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အပါဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့တွင် နေအိမ် ၅၀၀ ကျော် ပျက်စီးသွားခဲ့သည်။

#မီဇိုရမ် #လေပြင်းမုန်တိုင်း#မြန်မာစစ်ဘေးရှောင် #နေအိမ် #စာသင်ကျောင်း #အကူညီများလိုအပ် #ပလက်ဝ #ထန်တလန် #Ayeyarwaddy_Times