
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ စစ်ကောင်စီ၏ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မခေါ်ယူထားသည့် အပတ်စဥ် (၂) စစ်မှုထမ်းသင်တန်းတက်ရန်အတွက် သင်တန်းသား ၁၆၀ ကျော် ထပ်မံရောက်ရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ စစ်မှုထမ်းသင်တန်းသား ၁၆၀ ကျော်သည် မေလ ၅ ရက်နေ့တွင် အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိခဲ့ပြီး စစ်သင်တန်းစတင်ပေးရန် ပြင်ဆင်နေကြောင်း သ်ိရသည်။
“အခုက ဒုတိယအသုတ်တွက်ရောက်နေကြတာ။ ပထမအသုတ်ကတော့ ရောဂါ သည် တွေနဲ့ မသန်စွမ်းတွေပါတယ်။ ခုရောက်လူတွေကတော့ အပတ်စဥ် ၁ လောက်မဆိုးဘူး။ လိပ်ခေါင်းနဲ့ မျက်စိသိပ်မကောင်းတာလောက်တော့ ပါလာနိုင်တယ်။ ဆေးစစ် အတည်ပြုချက်မရသေးဘူး”ဟု ပလောက်မြို့ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေး ကျောင်းရှိ တပ်ကြပ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် စစ်မှုထမ်း အပတ်စဥ် (၁) ပထမအသုတ်တွင်လည်း ပလောက်မြို့၊ အမှတ် (၁၂) တပ်မ တော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် မူးယစ်ဆေးစွဲသူများ၊ HIV ရောဂါသည်များနှင့် မသန်စွမ်းသူများ၊ လိပ်ခေါင်းရောဂါသည်များအပြင် မျက်လုံး အားနည်း သူများပါ စစ်သင်တန်းတက်ရောက် ခဲ့ရသည်။
ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ အပတ်စဥ် (၁) တွင် စစ်မှု ထမ်းသင်တန်းသား ၂၄၈ ဦး ယခုအပတ်စဥ် (၂) တွင် ၁၆၀ ကျော်ရှိပြီး လက်ရှိတွင် သင်တန်းသားစုစုပေါင်း ၄၀၀ ကျော်အထိရှိနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ လေ့ကျင့်ရေးကျောင်းတွင် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က ပြည်သူ့ စစ်မှုထမ်းသင်တန်း နည်းပြနေသူ စစ်ကောင်စီလက်အောက်ခံ အသက် ၆၀ အရွယ်ရှိ ဒုအရာခံဗိုလ် ဘိုအေးကို ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က သင်တန်းသားများရှေ့တွင် ထိုးကြိတ်ရိုက်နှက်ခဲ၍ လက်ရှိတွင် ဗိုလ်မှူးချုပ် ရဲကျော်ကျော်မှာ စစ်ဆေးခံနေရကြောင်းသိရသည်။
ဓာတ်ပုံ- ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ အပတ်စဥ် ၁ သင်တန်းသားများ
#ပလောက်မြို့ #အမှတ်၁၂ #တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း #စစ်မှုထမ်း #အပတ်စဥ်၂ #သင်တန်းသား #၁၆၀ကျော် #ထပ်မံရောက်ရှိ #Ayeyarwaddy_Times