ဧရာဝတီတိုင်းမ်
မေ ၈ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း ကျောက်ဖြူဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့၊ စနဲကျေးရွာကို ယနေ့ မေ ၈ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စနဲကျေးရွာဈေးအနီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး တစ်ဦးသေဆုံးကာ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟင်းသီး၊ ဟင်းရွက်ဈေးတန်းဘက်ကျတာ ဗုံးက လူလည်းသေတယ်။ အဆောက်အအုံ တွေလည်း ထိခိုက်ကုန်တယ်။ ဒဏ်ရာရသူတွေကို ကူညီရေးအဖွဲ့တွေက လာခေါ်ပြီး ဆေးရုံတင်ပေးထားတယ်လို့ပြောပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်‌ကောင်စီ၏ ဒရုန်းဗုံးထိမှန်၍ သေဆုံးသူမှာ ရွှေဟင်္သာရပ်ကွက်မှ အသက် (၃၀) နှစ်ခန့်ရှိသူ မမျိုးသန္တာဝင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် လူစည်ကားသော နံနက်ပိုင်းအချိန်တွင် စနဲဈေးသို့ ဒရုန်းဗုံး ခုနစ် လုံးဖြင့် လာရောက်ကြဲချခြင်းဖြစ်ပြီး ဗုံးသီးတစ်လုံးမှာ ဈေးအပြင်တန်း ဟင်းသီး ဟင်းရွက် တန်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ရက်နေ့ကလည်း စစ်တွေမြို့မ ဈေးကြီးအတွင်းသို့ စစ်တွေပွိုင့်ထိပ်တွင် နေရာယူထားသည့်ရေတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သေးသည်။

စစ်ကောင်စီရေတပ်က ထိုသို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကိုရီးယား ဆိပ်ကမ်း ပျံကျဈေးအတွင်းကျရောက်ပေါက်ကွဲကာ ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ခန့်မင်းကျော်
ပုံစာ- စစ်ကောင်စီ၏ဒရုန်းဗုံးထိမှန်ခံထားသည့် စနဲကျေးရွာ
#ကျောက်ဖြူ #စနဲဈေး #စစ်ကောင်စီ #ဒရုန်းဗုံးကြဲ #လူထိခိုက် #သေဆုံး #Ayeyarwaddy_Times