
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၈ ရက်
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက CDM ဆရာမ နှစ်ဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင်ဒဏ် လေးနှစ်စီချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။
အဆိုပါ CDM ဆရာမ နှစ်ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်ညက မောရဝတီရေတပ်မှ အင်အား ၂၀ ခန့်ဖြင့် နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ယဥ်ယဥ်အေး (ခ) မအေး နှင့် မိကျောင်းအိုင်ရပ်ကွက် ရတနာလမ်းတွင် နေထိုင်သည့် အသက် ၃၄ဝန်းကျင်အရွယ်ရှိ မသက်သက်မော် (ခ) ချစ်သက် တို့ဖြစ်ကြောင်း သိရသည်။
” မနေ့က နေ့လည်ပိုင်းမှာပဲ CDM ဆရာမ နှစ်ဦးစလုံးကို အမိန့်ချမှတ်လိုက်တယ်။ အကြမ်းဖက် ပုဒ်မ ၅၂ နဲ့ တစ်ယောက် ကို လေး နှစ်စီချလိုက်တယ်” ဟုမိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဆရာမနှစ်ဦးကို နှစ်လခွဲခန့်အကြာ စစ်ဆေး၍ ရုံးချိန်း ၆ ကြိမ် မြောက်ချိန်းပြီးနောက် အခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဆရာမ နှစ်ဦးဖမ်းဆီးခံရစဉ်အချိန်က စစ်ကောင်စီတပ်မှ ဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်း အချို့ကိုလည်း သိမ်းဆည်းသွားကြောင်း မိသားစုဝင်များထံမှသိရသည်။
“ဖမ်းဆီးခံရ စဥ်အခါက စစ်ကောင်စီတပ်က သိမ်းသွားတဲ့ ဖုန်းတွေ နဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ဘာတစ်ခုမှပြန်မရပါဘူး။ဖုန်းက အခုလက်ရှိအချိန်အထိ အကောင့်တွေက မီးစိမ်းနေတုန်းပါပဲ။ သူတို့အကောင့်တွေကို သူတို့လုံးဝမသုံးတော့ပါဘူး။အဲဒါကိုတော့အားလုံးကို အသိပေးချင်ပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်ကဖမ်းဆီးခံရသည့် မင်းသားရွာမှ CDM ဆရာမ ဒေါ်ကေဂျာဦး နှင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖမ်းဆီးခံရသည့် လှည်းကုန်း အမှတ် (၂) ရပ်ကွက်မှ ဒေါ်နီလာစန်းတို့မှာ လက်ရှိအချိန်အထိ ထားဝယ်ထောင်တွင်းတရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ပုံစာ–ထောင်ဒဏ်ချမှတ်ခံရသော ဒေါ်ယဥ်ယဥ် အေး နှင့် မသက်သက်မော်
#ရေဖြူ #ကံပေါက် #CDM #ဆရာမ #စစ်ကောင်စီ #ထောင်တွင်းတရားရုံး #ထောင်ဒဏ်လေးနှစ်စီချမှတ် #ဒေါ်ယာဉ်ယာဉ်အေး #ဒေါ်သက်သက်မော် #Ayeyarwaddy_Times