
ဧရာဝတီတိုင်းမ်
မေ ၇ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီအထိုင်စခန်းအား ကန့်ဘလူ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတပ်ဖွဲ့များက စခန်းသိမ်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ လေကြောင်းဖြင့် အကြိမ် ၃၀ ကျော်ပစ်ခတ်ပြီး မန္တလေးဘက်ခြမ်းမှ ဟောင်ဝစ်ဇာများဖြင့်ပါ အကြိမ် ၅၀ ထက်မနည်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ မလည်ရွာစစ်ကောင်စီတပ်အထိုင်စခန်းကို ယနေ့ မေ ၇ ရက် မနက် ၅ နာရီ ၁၅ မိနစ်တွင် ကန့်ဘလူခရိုင်တပ်ရင်းတပ်ဖွဲ့များမှ အလုံးအရင်းနှင့် ထိုးစစ်ဆင် စခန်းသိမ်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံး များသည့်အပြင် စခန်းစွန့်ခွာထွက်ပြေးကြသဖြင့် တော် လှန်ရေးတပ်ရင်းတပ်ဖွဲ့များမှ အစုအဖွဲ့အားကောင်းကောင်းဖြင့် ဗန်ကာများဖြိုဖျက်ကာ စခန်းကုန်းအား သိမ်းပိုက် နေရာယူနိုင်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။
စစ်ကောင်စီဘက်က စခန်းမကျစေရေးအတွက် ပြင်ဦးလွင်အနီးစခန်းတက်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၁၀ ကြိမ်၊ တံတားဦးတက်ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်နှင့် တံတားဦးတက်Y-12စစ်ထောက်ပို့ယာဉ်တစ်စီးဖြင့် ၃ နာရီနီးပါးပျံဝဲကာ ၁၆ ကြိမ်တိတိ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မန္တလေးဘက်ခြမ်းမှ ဟောင်ဝစ်ဇာဖြင့် အကြိမ်၅၀ ထက်မနည်း ပစ်ကူပေးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။
“သပိတ်ကျင်း တတက ၁၃ ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၇ ကြိမ်ထက်မနည်း ပစ်တယ်။ မလည်ရွာဘက်ကို။ လေယာဉ်နဲ့ဗုံးကြဲလို့ တစ်ရွာလုံး မီးတွေလောင်နေတယ်။ ပျူတွေ ရွာထဲဝင်မီးရှို့တယ်လည်း ကြားတယ်” ဟု သပိတ်ကျင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ စစ်ကူပို့ဆောင်မှုများပြုလုပ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ယမနေပျူအထိုင်မှ စစ်ကြောင်းထိုးကာ စစ်ကူလာသော စစ်ကောင်စီ အင်အား ၁၅၀ ခန့်ကိုလည်း တပ်ရင်းတပ်ဖွဲ့များမှ ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ဘက်ခြမ်းမှ စစ်ကောင်စီတပ်အင်အား ၇၀ ခန့်သည် မော်တော်ဘုတ်များအား ချောဆွဲကာ မြစ်ကြောင်းမှတစ်ဆင့် ကန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကူဝင်ရာက် လာကြောင်း သိရသည်။
မွန်းလွဲ ၃နာရီခန့်တွင် ယမနေပျူစခန်းမှ တက်လာသော စစ်ကူစစ်ကြောင်းကို လမ်းကြောင်းရှင်းပေးရန်အတွက် စစ်ကောင်စီက Mi-35လေယာဉ်ဖြင့် လေးကြိမ်တိုင် လမ်းကြောင်းရှင်း ပစ်ကူခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စခန်းကို ဝင်ရောက်စီးနင်းထားနိုင်ခဲ့သော်လည်း လေကြောင်း ပစ်ကူနှင့် တပ်ကူအင်အားများစွာရောက်ရှိလာသည့်အတွက် စခန်းကို မီးရှို့ဖျက်ဆီးပြီး စွန့်ခွာခဲ့ရကြောင်း သိရသည်။
ယနေ့တိုက်ပွဲတွင် တိုက်ပွဲကြာချိန် ၈ နာရီခန့်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက် အကျ အဆုံးများကာ လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိကြောင်းသိရသည်။
တိုက်ပွဲချိန်အတွင်းစစ်ကောင်စီတပ်ဘက်မှ MI35၊Y-12၊Jet Fighterတို့ဖြင့် ၃၂ ကြိမ်တိတိပစ်ခတ်ပြီး မန္တလေးဘက်မှနေ၍ ဟောင်ဝစ်ဇာဖြင့်ပါ ပစ်ကူပေးခဲ့ခြင်းကြောင့် PDF တပ်ရင်းတပ်ဖွဲ့များ၏ ရဲဘော်အချို့လည်း ထိခိုက်ကျဆုံးမှုရှိကြောင်းသိရသည်။
ဓာတ်ပုံ- TR
ပုံစာ – မီးလောင်ကျွမ်းနေသော မလည်ရွာ
#ကန့်ဘလူ #မလည်ရွာ #စစ်ကောင်စီစခန်း #တော်လှန်ရေးတပ်ဖွဲ့ #ဝင်ရောက်တိုက်ခိုက် #စစ်စခန်းစွန့်ခွာပြေး #လေကြောင်းပစ်ကူ #Ayeyarwaddy_Times