
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊မေ ၈ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး စစ်ကောင်စီအတွက် ငွေကြေးထောက်ပံ့ပေးနေသည့် ပျုစောထီးတစ်ဦးကို ပစ်သတ်ခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယမန်နေ့ မေလ ၇ ရက်နေ့ တွင် ထုတ်ပြန်သည်။
ပစ်သတ်ခံရသူသည် လောင်းလုံးမြို့နယ်တွင်နေထိုင်သော အသက် (၅၀) ကျော် အရွယ်ရှိ လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီး ဦးမောင်အေးဆိုသူဖြစ်ပြီး မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မောင်အေး က ပျူစောထီးထဲမှာ တော်တော်ကို အရေးပါအရာရောက်တဲ့သူပေါ့။ စစ်ကောင်စီက သူ့ကို လစာပေးထားတယ်။ တစ်လကို တစ်သိန်းခွဲပေးပြီးလက်နက် ပါထုတ်ပေးထားတယ်။ လောင်းကစားဝိုင်းတွေထောင်ပြီး စစ်ကောင်စီကို ငွေကြေး ထောက်ပံ့နေတဲ့သူပေါ့။ ကျွန်တော်တို့သူ့ကို လောင်းကစားဝိုင်းမှာ အကောက်ကောက် နေတဲ့အချိန်မှာပဲ သွားရောက်ပစ်ခတ်ခဲ့တယ်။ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျူစောထီး ဦးမောင်အေးအား ပစ်ခတ်ခဲ့ပြီးနောက် ၎င်းထံမှ ခရမ်းသီးတစ်လုံး လက်ပစ်ဗုံးတစ်လုံး၊ ဘောလုံးနှင့်ယမ်းမီးပန်းများ၊ မီးခြစ် ဆေးဝါးအချို့နှင့် ဖန်ဂေါ်လီများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဦးမောင်အေးသည် လောင်းလုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေချိန်တွင် ခမရ-၁၀၄ တပ်ရင်း အတွင်းသို့ သွားရောက်နေထိုင်လေ့ရှိသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင်လည်း လမ်းပြအဖြစ်ပါဝင်လေ့ရှိပြီး နယ်မြေအတွင်း သတင်းအချက်အလက်များကို စစ်ကောင်စီထံ ရှာဖွေပေးပို့နေသူ ဖြစ်၍ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျူစောထီး ဦးမောင်အေးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေသောင်ယံတပ်စုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-LLPDF
#လောင်းလုံး #လောင်းကစားဝိုင်းထောင် #စစ်ကောင်စီ #ငွေကြေးထောက်ပံ့ #လက်နက်ကိုင်ပျူစောထီး #ပစ်သတ်ခံရ #Ayeyarwaddy_Times