ဧရာဝတီတိုင်းမ်
မေ ၈ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာကို စစ်ကောင်စီတပ် နှင့် ၎င်းတို့ စစ် သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင် လက်နက်ကိုင် များက သေနတ်များပစ်ဖောက်ဝင်ရောက်ပြီး အိမ်များကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေ ၇ရက် နံနက် ၁နာရီကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီက သင်တန်း ပေး၍လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ သည် ဝေသာလီကျေးရွာအတွင်း သေနတ်များပစ်ဖောက်ဝင်ရောက်လာကာ အိမ်များကို မီးတင်ရှို့ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးကာ အိမ်ခြေ ၁၅လုံးမီးလောင်သွား ကြောင်း ဒေသခံများထံက သိရသည်။

“အိပ်နေချိန်ကြီး ရွာထဲသေနတ်တွေဖောက်ဝင်လာတာ စစ်သားတွေရော၊ ဘင်္ဂလီ (မွတ်ဆလင်လက်နက်ကိုင်) တွေရောပါတယ်။ ဆဲဆို သေနတ်ဖောက်ဝင်လာတာ။ ရွာသားတွေ အကုန်ထွက်ပြေးကြရတယ်။ ထွက်ပြေးတဲ့အထဲက အမျိုးသမီးတစ်ဦးကို သေနတ်နဲ့လှမ်းပစ်တာ ကျောကနေ ရင်ဘတ်ထိပွင့်ထွက်ပြီးသေသွားတယ်။ အိမ်တွေ လည်း သုံးပုံတစ်ပုံ မီးထိတယ်” ဟု မောင်တောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ဆဲဆို ဝင်ရောက်လာသည့်အတွက် ခြံစည်းရိုးကျော်ကာ ထွက်ပြေးရန်ပြုလုပ်နေသည့် မမေကြီးမ အသက်(၃၅) သည် စစ်ကောင်စီက ပစ်လိုက်သည့် သေနတ်ကျည်ဆံ ကျောမှဖောက်ဝင်၍ ရင်ဘတ်ပွင့် ထွက်ကာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

မမေကြီးမသေဆုံးပြီးနောက် ၎င်း၏ ကလေးများဖြစ်သည့် မခိုင်ဇာဦးအသက် ၉ နှစ်နှင့် မောင်ထွန်းအေး အသက် ၅ နှစ်တို့မှာ ထိခိုက်ဒဏ်ရာများနှင့် လွတ်မြောက်သွားကြောင်း သိရသည်။

“ရွာမှာက အိမ်ခြေ ၅၀နီးပါးရှိပါတယ်။ တိုက်ပွဲလည်း ရွာထဲမှာဖြစ်တာမရှိပါဘူး။ တမင်ဝင်လာပြီး ဖျက်ဆီးတာပါ။ ဘင်္ဂလီလိုတွေပါ ပြောဆို ဆဲဆိုပြီး ဝင်လာကြတာပါ။ ရွာမှာက ရခိုင်ရော၊ ဗမာရော၊ ဘင်္ဂလီတွေရော နေကြတာပါ” ဟု မောင်တောဒေသခံက ဆိုသည်။

အဆိုပါဝေသာလီကျေးရွာသည် ၃မိုင် အငူမော်လမ်းပေါ်တွင် တည်ရှိပြီး ရွာအတွင်း ဝင်ရောက်ပစ်ခတ်မီးရှို့သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မောင်တောမြို့၊ မြို့သူကြီး ရပ်ကွက်၊ နယ်ခြားစောင့်ရဲတပ်ရင်း (နခခ- ၅) အခြေစိုက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ဘေးရှောင်စခန်းနှင့် ဒုက္ခသည်စခန်းများမှနေ၍ အစ္စလာမ် ဘာသာဝင် မွတ်ဆလင်လူငယ်များကို ဖိအားပေးခေါ်ဆောင်သွားပြီး စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးကာ AA နှင့် တိုက်ပွဲပြင်းထန်နေသည့် မောင်တော၊ ဘူးသီးတောင်နှင့် သံတွဲမြို့နယ်များတွင် ဝင်ရောက် တိုက်ခိုက် ခိုင်းထားကြောင်း သိရသည်။

ဓာတ်ပုံ- ABN
ပုံစာ- မီးရှို့ခံရသည့် ဝေသာလီကျေးရွာ

#မောင်တော #ဝေသာလီကျေးရွာ #စစ်ကောင်စီ #ဝင်ရောက်ပစ်ခတ် #မီးရှို့ #အမျိုးသမီးတစ်ဦးသေဆုံး #Ayeyarwaddy_Times