
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ပစ်ချခဲ့သည့် Mi 17 ရဟတ်ယာဉ်ကို မောင်းနှင်သည့် ဗိုလ်မှူးမိုးစည်သူကြိုင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်မှူးမိုးစည်သူကြိုင်သည် DSA အပတ်စဉ် ၄၇ မှဖြစ်ပြီး ၄င်းတွင် ဇနီးနှင့် သမီးငယ်လေးတစ်ဦး ကျန်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
” NLD အစိုးရလက်ထက်တုန်းက VIP ခရီးစဉ်တွေကို သူမောင်းပေးခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက တပ်ထဲမှာက ဒေါ်အောင်ဆန်းစုကြည်ကို အလေးမပြုရဘူး၊ အမေမခေါ်ရဘူး၊ အတိုင်ပင်ခံလို့မခေါ်မရဘူးဆိုပြီး အမိန့်ပေးထားချိန်မှာ သူကအရိုအသေပေးတာတွေ ပြုလုပ်ခဲ့သူပါ။ ဒါပေမယ့် အာဏာသိမ်းလိုက်တဲ့အချိန်မှာ သူရုန်းမထွက်နိုင်ခဲ့ဘူး။ ဒါကြောင့်ပဲ အခုလို အဖြစ်ဆိုးနဲ့ကြုံရတာပါ” ဟု CDM ဗိုလ်မှူးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် အရာရှိများအပါအဝင် ရှစ်ဦးခန့် သေဆုံးသွားကြောင်း ကရင်နီတော်လှန်ရေးအင်အားစုများဘက်က သတင်းထုတ်ပြန်ထားသည်။
ပစ်ချခံခဲ့ရသည့် Mi 17 ရဟတ်ယာဉ်သည် နေပြည်တော်အေလာလေဆိပ်မှ ပျံတက်သွားသည့် ရဟတ်ယာဉ်ဖြစ်ပြီး ရိက္ခာနှင့် စစ်ကူပို့သွားရာမှ ယခုကဲ့သို့ ပစ်ချခံရကာ ပျက်ကျသွားခြင်း ဖြစ်သည်။
စစ်ကောင်စီက ဝယ်ယူအသုံးပြုသည့် Mi 17 ရဟတ်ယာဉ်တစ်စီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ သန်းအထက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီ၏ လေတပ်တွင် Mi 17 အစီး၂၀ရှိခဲ့ရာမှ ယခုအကြိမ်အပါအဝင် ပျက်ကျမှု ခုနှစ်ကြိမ် ဖြစ်ထားသည့်အတွက် ၁၃ စီးသာ ကျန်တော့ကြောင်းသိရသည်။ ပြင်ဆင်နေရသည့် အစီးများရှိရာ လက်ရှိအသုံးပြုနိုင်သည့် Mi 17 အမျိုးအစားရဟတ်ယာဉ်မှာ ခုနှစ်စီးခန့်သာရှိပြီး ၄င်းတို့အထဲမှ VIP ခရီးစဉ်အတွက် အဆင်သင့်ပြင်ထားရကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။
ဓာတ်ပုံ-ဖားဆောင်းတွင် ပစ်ချခံရသည့် စစ်ကောင်စီ၏ Mi 17 ရဟတ်ယာဉ်မှူး ဗိုလ်မှူးမိုးစည်သူကြိုင်
#စစ်ကောင်စီ #Mi17 #ရဟတ်ယာဉ် #ပစ်ချခံရ #ကရင်နီပြည်နယ် #ဗိုလ်မှူးမိုးစည်သူကြိုင် #Ayeyarwaddy_Times