ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မေ ၈ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီ၏ ကျောက်ထုအခြေစိုက် အမတ (၃၆၈) တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင့် ချင်းလဲန်းကာကွယ်ရေးတပ်-မင်းတပ်က ယနေ့ မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းတွင် တွဲဘက် တာ၀န်‌ထမ်း‌နေသော ကျောက်ထုအခြေစိုက် စစ်ကောင်စီ၏ အမတ (၃၆၈) တပ်ရင်းမှ တပ်ကြပ် ဝင်းလေးသည် မေလ ၅ ရက်နေ့တွင် MA-3 သေနတ် ( ၁) လက်၊ ကျည်အိမ်(၃)ခု၊ ကျည်ဆံ (၂၅၆) တောင့်ဖြင့် အလင်း၀င်ရောက်လာခြင်း ဖြစ်သည်။

“အလင်းဝင်လာတဲ့ စစ်သားက ကျောက်ထု အမြောက်တပ်ကနေ မင်းတပ် ခလရ (၂၇၄) တပ်ရင်းမှာ တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်တစ်ဦးပါ။ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့အတွက် ကျွန်တော်တို့က ဆုငွေကြေး ချီးမြင့်တယ် “ဟု ချင်းလဲန်းကာကွယ်ရေးတပ်-မင်းတပ်မှ တာဝန်ရှိသူ ဆလိုင်းဟာအွမ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာသည် တပ်ကြပ် ဝင်းလေးသည် လက်နက်ခဲယမ်းများပါလာသည့်အတွက် CDF(မင်းတပ်)မှ ဆုငွေကြေး သိန်း (၅၀) ချီးမြင့်ပေးအပ်ခဲ့ပြီး ၎င်း၏ လိုအပ်သည့် တောင်းဆိုချက်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က သူတို့ကို ရွေးချယ်စရာတွေ ပေးထားပြီးသားပါ။ ဇာတိမြေ နေရပ်ကို ပြန်ချင်ရင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတယ်။ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကနေ ပို့ဆောင်ပေးသွားမယ်။ ကျွန်တော်တို့ဆီ တာဝန်ထမ်းဆောင်ချင်တယ်ဆိုလည်း သူကျွမ်းကျင်တဲ့ နေရာမှာ တာဝန်ပေးမယ်။ အကယ်လို့ တပ်ထဲမှာ တာဝန်မထမ်းဆောင်ချင်ဘူးဆိုလည်း ကျွန်တော်တို့ လွတ်မြောက်နယ်မြေမှာ လုပ်ကိုင်စားသောက်လို့ရအောင် ကူညီပေးသွားမယ်” ဟု CDF(မင်းတပ်)မှ တာဝန်ရှိသူ ဆလိုင်းဟာအွမ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှု မကြာခဏပြုပြီး CDF (မင်းတပ်) ကလည်း စစ်ရေးပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

#မင်းတပ်မြို့ #စစ်ကောင်စီတပ်ဖွဲ့ဝင် #လက်နက်ခဲယမ်း #အလင်းဝင် #အမတ၃၆၈ #တပ်ကြပ်ဝင်းလေး
#Ayeyarwaddy_Times