
ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ မေ ၈ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်စခန်းတစ်ခုကို ယမန်နေ့ မေ ၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Myanmar Defense Force အဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် အင်အား ၂၀ ဝန်းကျင်ရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီကားကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ဂိတ်မှာရှိတာကတော့ စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်သူ့စစ်တွေပဲ အလှည့်ကြ စောင့်ကြတာပါ။ တိုက်ခိုက်မှုကတော့ ကျွန်တော်တို့ပူးပေါင်အဖွဲ့ အင်အား၂၀ လောက်နဲ့ စက်လက်တွေနဲ့ ပစ်ခတ်တိုက် ခိုက်တယ်။ စစ်ကား နှစ် စီးရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ညကအမှောင်လည်းဖြစ် သူတို့ဘက်အင်အား ထပ်တိုး လာနိုင်တဲ့ အခြေအနေကြောင့် တစ်နာရီနီးပါး အပြန်လှန်ပစ်ခတ်မှုအပြီးမှာ အောင် မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ကောင်စီစစ်ဆေးရေးဂိတ် ဒေသအခေါ် ကွမ်းခြံဂိတ်တွင် လက်နက်အားကိုး ဖြင့် ခရီးသွားများထံမှ ခြိမ်းခြောက်ငွေကောက်ခြင်း၊ လက်ပံတန်းမြို့တွင်းသို့ စျေဝယ်လာ သူများကိုလည်း စစ်ဆေးကာ သင်္ကာမှုမရှိပါက ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ် လေ့ရှိသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။
သာယာဝတီခရိုင်အတွင်း ပြီးခဲ့သည့် မေ ၅ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ရွာသစ် ကျေးရွာရှိ ပျူစောထီးခေါင်ဆောင်ဖြစ်သူ ရာအိမ်မှူးဦးမြင့်အောင် ဆိုသူအား မြေအောက် ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ပဲခူး #လက်ပံတန်း #ကွမ်းခြံဂိတ် #စစ်ကောင်စီစစ်ဆေးရဂိတ် #တိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times