ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၈ ရက်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ၊ မဲတောကျေးရွာအုပ်စု သဘောင်းတောင်ကျေးရွာရှိ စစ်သားသစ် စုဆောင်းပေးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရာတွင် သေဆုံးသွားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ကျွန်းစုမြို့နယ် ပျူစောထီးခေါင်းဆောင် မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ယမန်နေ့ မေလ ၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ကျွန်းစုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံးသွားကြောင်းသိရသည်။

“ကျော်မြင့်က ရွာမှာဆို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူပေါ့။ အုပ်ချုပ်ရေးမှူး လည်းသူပဲ။ မီးသတ်တပ်ဖွဲ့ ဝင်လည်းသူပဲ။ ပျူစောထီးခေါင်းဆောင်ဆိုလည်းသူပဲ။ ကျော်မြင့်ကို ကျွန်တော်တို့က အရှင်ဖမ်းဖို့သွားတာပါ။ သူကပြန်လည်ခုခံလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေသွားတယ်”ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင်ဦးကျော်မြင့်ထံမှ ၉မမပစ္စတိုတစ်လက်၊ ၉မမ ကျည်ဆံ၂၅တောင့်၊ လက်ထိပ်တစ်ခု၊ ငွေသားသုံးသိန်း၊ ဖုန်းတစ်လုံး စစ်ကောင်စီ အုပ်ချုပ်ရေးမှူးကတ်ပြား၊ မှတ်ပုံတင်၊ မီးသတ်ကဒ်ပြားနှင့် သက်သေခံစာရွက် စာတန်းများ၊ သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ၊ ကျေးရွာတာဝန်ခံ (ရာအိမ်မှူး)များအနေ ဖြင့် စစ်ကောင်စီ၏ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်မှူထမ်းမဲများ ကောက်ယူပေးနေခြင်း၊ ပြည်သူများအားခြိမ်းခြောက်၍ စစ်မှူထမ်းကြေးများတောင်းခံ ခြင်း ၊ ပြည်သူများအား ပုံစံအမျိုးမျိုးတို့ဖြင့် ခြိမ်းခြောက်အနိုင်ကျင့် ပြုမူနေခြင်းများအား လုံးဝ(လုံးဝ)ရပ်တန့်ရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

ပုံစာ- သေဆုံးသူ ဦးကျော်မြင့် နှင့် သိမ်းဆည်းရမိသော ဆက်စပ်ပစ္စည်းများ။
#ကျွန်းစုမြို့နယ် #စစ်သားသစ်စုဆောင်း #မဲတောကျေးရွာအုပ်ချုပ်ရေမှူး #ပျူစောထီးခေါင်းဆောင် #ပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times