
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မောင်တောမြို့နယ်အတွင်းရှိတံတား သုံးစင်းကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ (နခခ-၅) မှ စစ်ကောင်စီတပ်သား ၃၀ ခန့်သည် ယနေ့ မေ ၈ရက် နံနက် ၇နာရီ ၃၀မိနစ်ခန့်တွင် သုံးမိုင်၊ ကျီးကန်းပြင် ကားလမ်းမအထက် ဇူလကျေးရွာအနီးရှိ အလျား ၁၀၀ပေ၊ အနံ ၁၂ပေရှိသည့် သုံးမိုင်သံတံတားကို လာရောက် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် သုံးမိုင်မောင်တောကားလမ်းနှင့် ဇူလရွာကို ဆက်သွယ်ထားသည့် ကံကျမြောက်ရွာ ကွန်ကရစ်တံတားကိုလည်း ယမန်နေ့ မေ ၇ရက်နေ့တွင် မိုင်းခွဲချိုးဖျက်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၆ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု ဂေါင်ညာရွာနှင့် လဘော်ဇား ရွာကြား အရှည် ပေ ၅၀၀၊ အကျယ် ၁၂ပေရှိသော ကွန်ကရစ်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည်။
စစ်ကောင်စီက မောင်တောမြို့အတွင်း ချိတ်ဆက်ထားသည့် တံတားများကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းသွားလာသည့်လမ်းများကိုပါ ပိတ်ဆို့တားမြစ်ထား ကြောင်း ဒေသခံများထံက သိရသည်။
“လမ်းတွေအကုန်ပိတ်ဆို့ထားတယ်။ မနေ့က မနက်အစောကြီးကလည်း ဝေသာလီရွာထဲ မီးဝင်ရှို့တယ်။ အမျိုးသမီးတစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်။ သူ့ကလေးနှစ်ယောက် လည်း ကျည်မှန်လို့ဒဏ်ရာပြင်းတယ်လို့ သိထားပါတယ်” ဟု မောင်တော ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ မေ ၈ ရက် နံနက်ပိုင်းကစတင်၍ မောင်တောမြို့ အနီးရှိ ကညင်ချောင်း စီးပွားရေးဇုံ အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ မေ ၇ ရက်နေ့က စစ်ကောင်စီ အင်အားအများအပြားပါသည့် ရေတပ်သင်္ဘော နေဗီ သုံးစီးသည် ကညင်ချောင်းစီးပွားရေးဇုံ ဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး အင်အား ဖြည့်တင်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကူများသည် မောင်တော နယ်ခြားစောင့်စခန်းများမှ AA၏ တိုက်ထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်မြေထဲသို့ ထွက်ပြေးသွားပြီး ပြန်လည်ပို့ဆောင် ခံရသူများကို တိုက်ပွဲအတွင်းပြန်လည်အသုံးပြုရန် လာရောက်ပို့ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“နေဗီတွေနဲ့ ဆိပ်ကမ်းဇုံထဲ အင်အားလာဖြည့်တာ ၇ ရက်နေ့ ညက။ ဒီမနက် တိုက်ပွဲဖြစ်တာပဲ။ နတ်မြစ်ထဲက နေဗီတွေက လက်နက်ကြီးတွေနဲ့ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ ဆိပ်ကမ်းဇုံထဲ လာပို့ခံရတာ ဘင်္ဂလားဒေ့ရှ်က ပြန်ပို့ခံရသူတွေလို့ သိထားတယ်” ဟု မောင်တောဒေသခံက ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်နေသည့် ကညင်ချောင်း စီးပွားရေးဇုံ အတွင်းကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ -ABN
ပုံစာ- မိုင်းခွဲဖျက်ဆီးခံရသည့် သုံးမိုင် သံတံတား
#မောင်တော #စစ်ကောင်စီ #AAတိုက်ပွဲပြင်းထန် #တံတားများမိုင်းခွဲဖျက်ဆီး
#Ayeyarwaddy _Times