
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဒေသတဝိုက်ရှိ ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ထွက်ခွာကြရန် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်ဖွဲ့ (BGF)မှ သတိပေး အမိန့်စာထုတ်ခြင်းသည် တရုတ်၏ဖိအားကို အချိန်ဆွဲခြင်းဖြစ်ကြောင်း လေ့လာသူများက ဧရာ၀တီတိုင်းမ်ကို သုံးသပ် ပြောကြားသည်။
အဆိုပါအွန်လိုင်း ငွေလိမ်ဂိုဏ်း လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအားလုံးသည် ယခုလ မေ ၁ ရက်မှ လာမည့် အောက်တိုဘာ ၃၁ ရက်အတွင်း မြ၀တီဒေသတစ်ဝိုက်မှ ထွက်ခွာသွားကြရန် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာတို့ဖြင့် BGF က သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“တကယ့်တကယ်သာ သူတို့ ပြတ်ပြတ်သားသား လုပ်ချင်ရင် အလွယ်ကလေးပဲ။ တစ်ခါတည်း ဖမ်းလိုက်ရင် ပြီးမယ့်ကိစ္စ၊ မဖမ်းဘဲ အချိန်ပေးတာက တရုတ်ရဲ့ ဖိအားပေးတာကို အချိန်ဆွဲချင်တာ ဖြစ်မှာပေါ့။ ပြီးတော့မှ တဖြည်းဖြည်းနဲ့ ပြန်လွှတ် တာတို့ဘာတို့ လုပ်မယ်ထင်ပါတယ်။ အချိန်ဆွဲတဲ့ သဘောပါပဲ” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၏ ထိုသို့သတိပေး အမိန့်စာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများအနေဖြင့် မိမိတို့လာရာ လမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာသွားကြရန်နှင့် လာမည့် အောက်တိုဘာ ၃၁ ရက်နောက်ပိုင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းများကို BGF အနေဖြင့် ချက်ချင်းအရေးယူ ဖမ်းဆီးခြင်း မပြုသည်မှာ ၎င်းတို့နှင့် အစကတည်းက ပတ်သက်နေသော လူများဖြစ်နေပြီး လူမှောင်ခိုလုပ်နေသော ထိုဂိုဏ်းများကို စိစစ်ပြန်လွှတ်ရန် အချိန်ကာလ ပေးလိုက်သည့် သဘောဖြစ်ကြောင်း ဒေါက်တာလှကျော်ဇောက ဆိုသည်။
“ကျားဖြန့်ကိစ္စက တရုတ်ပြည်မှာ တော်တော်လေး ပြန်ပြတ်သားသား လုပ်နေပုံရှိတယ်။ ရာပြည့်ကို ခေါ်ပြီးတော့ ငွေတွေပေး ဘာတွေပေးတာကလည်း ဒီကိစ္စတွေကို ပြတ်ပြတ်သားသား လုပ်ဖို့ပဲ။ ကိုးကန့် အဖြစ်အပျက်ကိုလည်း မြင်ထားတော့ ပြန်ခိုင်းတာ ဖြစ်နိုင်မယ်ထင်တယ်။ တရုတ်ရဲ့ ဖိအားကြောင့်ပေါ့ဗျာ” ဟု ဒေါက်တာလှကျော်ဇောက ပြောသည်။
တရုတ်အစိုးရသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ် ချီးမြှင့်ပေးအပ်၍ လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယွမ်ငွေငါးသန်း အကူအညီပေးခဲ့သည်။
စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံသို့ ၆ ရက်တာ အလုပ်သဘောခရီးစဉ် အဖြစ်သွားရောက်ခဲ့စဉ် ထိုကဲ့သို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ လောင်းကစား၊ မူးယစ်မှောင်ခိုမှုနှင့် နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် ရပ်တည်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနက သိရှိမေးမြန်းနိုင်ရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှ တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း မရရှိခဲ့ပေ။
သို့သော် သတင်းများအရ သတ်မှတ်ချိန်အတွင်း ပြန်လည်ထွက်ခွာရန် BGF က အကြိမ်ကြိမ် သတိပေးမှုများ လုပ်သွားမည် ဖြစ်သလို ယင်းကာလအတွင်း ထွက်ခွာခြင်း မရှိပါက ဖမ်းဆီး၍ သက်ဆိုင်ရာ နိုင်ငံအလိုက် သံရုံးများထံ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စသည် အိမ်နီးချင်း နိုင်ငံများ၏ ဖိအားရှိနိုင်ပြီး ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အောက်တိုဘာလကုန်အထိ အချိန်ပေးထားခြင်းသည် နားလည်ရ ခက်ကာ တစုံတရာ ညှိနှိုင်းထားမှု ရှိနိုင်ကြောင်း ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။
“ဗိုလ်ချစ်သူက အင်အားတစုံတရာရှိတော့ မြေပြင်စစ်ဆင်မှုမျိုးကို သူမမှုလောက်ဘူး။ သူကြောက်နိုင်တာက လေကြောင်းနဲ့ သူ့ဇုန်တွေကို ဗုံးကြဲပစ်တာမျိုးပေါ့။ တခဏလေးနဲ့ ပျက်ကုန်မယ်လေ“ ဟု ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူက ဆိုသည်။
အလားတူ စစ်ကောင်စီ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်အဖွဲ့သည် ထိုင်းလေတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့် တင်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက် အရ သိရသည်။
“ရွှေကုက္ကိုလ်အရေး စတော့မယ်ဗျ။ ဒုချုပ်ကိုယ်တိုင် နေနေသေးတာ အဲဒါကြောင့် ဖြစ်မယ်ဗျ။ ကရင်နယ်စပ် မြ၀တီကို သူတို့ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲနိုင်အောင် လုပ်ကိုလုပ်တော့မယ်။ အဲဒါသေချာတယ်။ ဒီတော့ BGF ကလဲ သူတို့နဲ့ မဆိုင်ဖူးဆိုသလိုမျိုး ကြိုလုပ်လာတဲ့ သဘောပါဘဲ။ ကြား၀င်စေ့စပ်မှုနဲ့ ပြီးဆုံးသွားနိုင်ဖို့ များတယ်လို့ ယူဆမိတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကွပ်ကဲ၍ စစ်ကောင်စီ၏ နိုင်ငံအဆင့် “အောင်ဇေယျ” စစ်ဆင်ရေး စစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး တစ်ဖက်တွင်လည်း ရှမ်းမြောက်လို မဖြစ်အောင်၊ တရုတ်လိုလားသည့် ကျားဖြန့်ကိစ္စ မျက်နှာရအောင် လုပ်ဆောင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်
#မြဝတီမြို့ဒေသတဝိုက် #ကျားဖြန့်ဂိုဏ်းများ #ထွက်ခွရန် #BGFအမိန့်ထုတ်မှု #တရုတ်ဖိအား #အချိန်ဆွဲ #Ayeyarwaddy_Times