ဧရာဝတီတိုင်းမ်
မေ ၇ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအနီး စင်းခန်းရှိ စစ်ကောင်စီ၏ စစ်စခန်း ငါးခုကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် စင်းခန်းရွာရှိ စစ်ကောင်စီစခန်းများကို ယနေ့ မေ ၇ရက် နံနက် ၇နာရီ ၃၀မိနစ်ခန့်တွင် KIA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဗန်းမော်မြို့ကိုပါ ဝိုင်းပတ်ပိတ်ဆို့ ထားကြောင်း သိရသည်။

“မြစ်ကူးတံတားထိပ်ကရွာဆိုတော့ စစ်ရေးနေရာအရ တအားအရေးပါတယ်။ မနက် အစောက ဝင်တိုက်တာ ၇ နာရီခွဲတော့စခန်းကို ရတယ်။ ဗန်းမော်- မံစီချိတ်ထားတဲ့ တံတားဆိုတော့ KIAအဖွဲ့တွေက မံစီကိုပါ တက်လုံးတယ်။ တိုက်ပွဲဖြစ်သံတွေ မံစီ ဘက်ကပါကြားတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စင်းခန်း ကျေးရွာတွင် စစ်ကောင်စီစစ်စခန်း များဖြစ်သည့် ခလရ-၆၀၂၊ ခလရ-၃၁၉၊ ခလရ-၅၆နင့် ခလရ-၁၀၃တို့မှ တပ်ရင်း၊ တပ်ဖွဲ့များကအင်အားဖြည့် စစ်ကူ ပေးထားကြောင်း သိရသည်။

စင်းခန်း ဧရာဝတီမြစ်ကူးတံတားသည် ဗန်းမော်- မံစီနင့် မိုးညှင်းတို့ကို ဆက်သွယ် ထားသည့်စခန်းဖြစ်ပြီး စင်းခန်းစခန်းသည် မြစ်ကူးတံတားထိပ်တွင်တည်ရှိပြီး အရေးပါ သည့်အတွက် စစ်ကောင်စီက အင်အားအများအပြားဖြည့်ဆည်းထားကြောင်း သိရသည်။

အဆိုပါ စင်းခန်းစခန်းများကို KIA က အပြင်းအထန်ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ရာတွင် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများမှာ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

KIA သည် ယနေ့ မေ၇ရက် နံနက်ပိုင်းတွင်ပင် ဗန်းမော်၊ မိုးမိတ်၊ ဝိုင်းမော်မြို့နယ်နှင့် မံစီမြို့နယ်တို့မှ တပ်စခန်း ငါးခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

ပုံစာ- ယနေ့ မေ ၇ ရက်နေ့ နံနက်ပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်ထားသည့် စင်းခန်းရှိ စစ်ဆေးဂိတ်စခန်းတစ်ခုကို တွေ့ရစဉ်။

#ဗန်းမော် #စစ်ကောင်စီ #စင်းခန်းစစ်စခန်း #KIA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times