ဧရာဝတီတိုင်းမ်
မေ ၇ရက်

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မံစီမြို့မရဲစခန်းကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA ) နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်ရှိ မံစီမြို့မရဲစခန်းကို ယနေ့ မေ ၇ရက် နံနက် ၁၁နာရီခန့်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနက်အစောပိုင်းကတည်းက မံစီ၊ ဗန်းမော်၊ မိုးမောက် တပြိုင်တည်းချနေတာ။ မံစီရဲစခန်းက တပ်မ (၈၈) လာထိုင်နေတာ။ ဝင်တိုက်တာ လက်နက်တွေလည်း အတော် ရတယ်ပြောတယ်။ နာရီပိုင်းပဲတိုက်ရတယ်။ စစ်ကောင်စီဘက်က ပြေးတဲ့ သူတွေရော မိတာတွေရော ရှိတယ်ပြောတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီက ယခုဖြစ်ပွားသည့်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်း ပစ်ကူများပါ အသုံးပြုတိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရွာမှ အိမ်များ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ယနေ့ မေ ၇ရက် တစ်ရက်တည်းတွင်ပင် ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်နှင့် မံစီမြို့နယ်တို့မှ စင်းခန်းဧရာဝတီမြစ်ကူးတံတားစောင့်စခန်း၊ တာဝါတိုင်စခန်း၊ ခလရ-၅၆၊ ခလရ-၁၀ ၊ ဗန်းမော်တာဝါတိုင်စခန်း၊ ဝိုင်းမော် မုန်ကာဇွပ်လောဖြူး၊ ဖော့ဒေါ့စခန်း၊ စင်းခန်းစစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေး ဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတားလုံခြုံရေးကင်းစခန်း နှင့် စင်းခန်းနယ်မြေစခန်း တို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

KIA သည် ယမန်နေ့ မေ ၆ရက်နေ့ကလည်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော ဆမားနှင့် ရှစ်နှစ်အကြာ သိမ်းယူခြင်းခံထားရသည့် ဂီဒုန်စခန်းကြီးတို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

ထို့အပြင် မေ ၅ရက်နေ့ကလည်း ဆွမ်ပရာဘွမ်စခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂဘွမ်၊ ဂမ်ဂယာ၊ အင်ခရမ်၊ ငါ့ဂယာန်၊ လိုင်ဖောင်၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုးစခန်းများအပါအဝင် စခန်း ၁၂ခုကို KIA က သိမ်းပိုက်ခဲ့သည်။

ပုံစာ-KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ
#မံစီ #စစ်ကောင်စီ #မြို့မရဲစခန်း #KIA #ဝင်ရောက်တိုက်ခိုက် #သိမ်းပိုက် #Ayeyarwaddy_Times