ဧရာဝတီတိုင်းမ်
မေ ၇ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲ မှုဌာနချုပ် (စကခ -၁၅) ကို အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ခဲ့ပြီးနောက် ဘူးသီး တောင်မြို့အဝင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် ဘူးသီးတောင်မြို့အဝင်ရှိ ပန်ဇင်းချောင်းကူးတံတားကို ယမန်နေ့ မေ ၆ရက် ညနေ ၄နာရီခန့်က မိုင်းခွဲဖျက်ဆီးချိုးချခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“တံတားက လုံးဝကျိုးကျသွားတာ သွားမရတော့ဘူး။ AAဝင်လာမယ်ဆိုပြီး ချိုးတာလေ။ ချိုးလည်း တံတားပျက်တာပဲရှိမယ်။ တိုက်မယ့်သူကဆက်တိုက်မှာပဲ။ စစ်ကောင်စီ ကလည်း ရှုံးမြဲ ရှုံးမှာပဲ။ သူတို့လုပ်တာ သူတို့ပဲ ပြေးပေါက်ပိတ်မှာ။ ပြည်သူတွေကတော့ ပိုခက်ခဲတာပေါ့။ တံတားတွေချိုး လမ်းတွေဖျက်တော့ အရောင်းအဝယ်က သွားမရ တော့ဘူးလေ” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပန်ဇင်းချောင်းကူးတံတားသည် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောမြို့နယ်တို့ကို အဓိကဆက်သွယ်ထားသည့် တံတားဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂၅ရက်နေ့ကလည်း ဆင်အိုးပြင်ရွာနှင့် ဂုံးနားရွာကြားရှိ တံတားကို မိုင်းခွဲဖျက်ဆီးမှုပြုလုပ်ခဲ့သည်။

ဘူးသီးတောင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် တပ်ရင်း လေးရင်း ကို AA ကသိမ်းယူပြီး ကျန် တပ်ရင်းများကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီက ဘူးသီးတောင်မြို့နယ်အတွင်းရှိ လမ်းတံတားများကို ချိုးချဖျက်ဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေ ၃ ရက်နေ့က ဘူးသီးတောင်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ-၁၅၊ ခမရ-၅၅၁၊ ခမရ-၅၆၅ တို့ကိုသိမ်းယူပြီး ဧပြီ ၅ ရက်နေ့တွင် ခမရ-၅၆၄ ၊ မတ် ၂၅ ရက်နေ့တွင် ခမရ- ၅၅၂ နှင့် တောင်ဘဇာတို့ကို AA က သိမ်းယူခဲ့သည်။

စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့အသိမ်းမခံရခင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ ကလည်း စစ်တွေ ပုဏ္ဏားကျွန်းဆက်သွယ်ထားသော မင်းချောင်းတံတားကို ချိုးပစ်ခဲ့ပြီး ပုဏ္ဏားကျွန်းရှိ စစ်ကောင်စီ၏ ခမရ-၅၅၀ တိုက်ခိုက်ခံရချိန်တွင် စစ်တွေမှ ပုဏ္ဏားကျွန်း တံတားကို ချိုးဖျက်ထားသည့်အတွက် စစ်ကူပို့ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- ABN
ပုံစာ- မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် ပန်ဇင်းတံတား
#ဘူးသီးတောင် #ပန်ဇင်းချောင်းကူးတံတား #မြို့ဝင်တံတား #စစ်ကောင်စီ #မိုင်းခွဲဖျက်ဆီး #Ayeyarwaddy_Times