
ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဘားဒေါင်းတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် သံတွဲမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်တိုက်ခိုက်လျှက်ရှိရာ အဆိုပါ လက်နက်ကြီးကျည်သည် ၎င်းတို့၏ စခန်းအတွင်းသို့ ပြန်လည် ကျရောက်ပေါက်ကွဲသွားကြောင်း သိရသည်။
လက်နက်ကြီးများချကာ ဘားဒေါင်းတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် အတွဲလိုက်ဒုံးမှ တချို့သည် ၎င်းစခန်းအတွင်း ပြန်လည်ကျရောက် ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့်သေဆုံးကြောင်း ရခိုင်စစ်ရေး သတင်းရင်းမြစ် ထံက သိရသည်။
“တိုက်ပွဲဖြစ်တဲ့ ရွှေလှေရွာဘက်ကို လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ပစ်တာ ဘားဒေါင်းကနေ။ တစ်လုံးက ပြန်ကျပြီး လူအတော်သေတယ်ပြောတယ်။ မီးတောက် တွေရော ဆက်တိုက်ပေါက်ကွဲသံတွေရော ဆူနေတာပဲ။ နေ့ခင်းကြီးဖြစ်တာ။ သံတွဲဆေးရုံ ပို့တယ်ပြောတယ်”ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီ၏ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးရှိ စစ်စခန်းကို AAကဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဘားဒေါင်းတောင်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တပ်စခန်းများမှနေ၍ လက်နက် ကြီးဖြင့် ကျေးရွာများကို ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ညကပေါက်ကွဲမှုဖြစ်စဉ်တွင် စစ်ကောင်စီစခန်းအတွင်းရှိ တပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံးပြီး ခုနစ်ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
“တပ်တော်က တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ ပစ်တာ။ စစ်တပ်ကတော့ တပ်တော်က မပစ်လည်း ရှိမယ်ထင်တဲ့နေရာတွေရမ်းသန်းပစ်တယ်။ မိုင်းဆင်းထောင်တယ်။ လူဖမ်း တယ်။ မနေ့ကလည်း ရမ်းသန်းပစ်တာ လေးကြိမ်လောက်ရှိမယ်။ တစ်ကြိမ်က သူတို့တပ်ထဲပြန်ကွဲတာ” ဟု သံတွဲဒေသခံကဆိုသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာသို့ ရွှေလှေလေး၊ ဂေါ့ကမ်းခြေ၊ ပုလဲကျွန်းနှင့် ခမောင်းတုန်းအနီး ရေတပ်များမှနေ၍ အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီက ပစ်ခတ်၍ ပုရစ်၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ကျောင်းကုန်း၊ ဘုရားမော်၊ ချင်းကွင်း၊ရွှေလှေ ကျေးရွာများမှပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
#သံတွဲ #ဘားဒေါင်းတောင် #စစ်ကောင်စီ #အတွဲလိုက်ဒုံး #စခန်းတွင်းပြန်ကျ #ပေါက်ကွဲ #၄၀နီးပါးသေ #Ayeyarwaddy_Times