
ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် ပြည်သူ့စစ်မှုထမ်းရန် မဲပေါက်သူများကို ထောက်ပံ့ပေးရန်အတွက်ဟုဆိုကာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက တစ်အိမ်လျှင် ကျပ်တစ်သောင်း လိုက်လံတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ကျပ်ငွေ တစ်သောင်းကို မေလ ၆ ရက်နေ့ က ဆယ်အိမ်မှူးများနှင့် ရာအ်ိမ်မှူးများက ရပ်ကွက်အလိုက် လိုက်လံကောက်ယူနေပြီး စစ်မှုထမ်း အပတ်စဥ် တစ် ပထမအသုတ် သင်တန်းသားများကို ထောက်ပံ့မည်ဟုဆိုသည်။
“မဲပေါက်သူတွေကို ထောက်ပံ့ကြေးပေးရမယ်ဆိုပြီးတော့ အိမ်တိုင်း အိမ်တိုင်း ဆယ်အိမ်မှူး ရာအိမ်မှူးတွေအဖွဲ့လိုက်က အတင်းလိုက်တောင်းနေတာပါ။ မပေးချင်လို့လည်းမရဘူး။ ဘယ်သူမှ မပေးချင်ဘူး၊ မပေးရင် ထောင်ထဲကိုထည့်မှာလေ၊ အဲ့တော့ မပေးချင်လည်း ပေးနေရတယ်” ဟု ကျုံပျော်မြို့ရှိ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင်လည်း ပြည်သူ့စစ်မှုထမ်း အပတ်စဥ် နှစ် ဒုတိယအသုတ်အတွက် မဲနှိုက်ရန် ကျုံပျော်မြို့ ရပ်ကွက်အချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ကပြင်ဆင်နေကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် မြန်မာပြည်ဒေသအနှံ့အပြား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများက်ို စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်း စစ်မှုမထမ်းလိုသည့် လူငယ်အချို့မှာတော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိနေကြသလို နိုင်ငံခြားသို့ ထွက်ခွာ၍ ထွက်ပြေးတိမ်းရှောင်သူများလည်း အများအပြားရှိလာကြသည်။
ဓာတ်ပုံ-စစ်မှုထမ်းသင်တန်း အပတ်စဉ် တစ် တွင်စစ်သင်တန်းတက်ရောက်ရန်အတွက် စုဆောင်းခံထားရသူများ
#ကျုံပျော် #စစ်မှုထမ်းမဲပေါက်သူများကို #ထောက်ပံ့ရန် #ရာအိမ်မှူး #ဆယ်အိမ်မှူးတစ်အိမ်ကို ကျပ် ၁၀၀၀၀တောင်းယူနေ #Ayeyarwaddy_Times